Wednesday, October 24, 2007

ပညာတော်သင်ကျောင်းသားသည်လည်း တစ်ချိန်တုံးက စစ်မြေပြင်မှာပါ....


ညီမလေးစကားကိုကြားတော့ စိတ်မကောင်းဖြစ်မိသည်။"အစ်ကိုလေးတို့က နိုင်ငံခြားပညာတော်သင်ကို အေးအေးဆေးဆေးသင်နိုင်ချိန်မှာ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ဘ၀ကို ဘယ်သူတွေကမှ ကိုယ်ချင်းမစာနိုင်ပါဘူး.."
ညီမလေးရယ် အစ်ကိုတို့တွေလည်း ဒီဘ၀ကနေ ကျော် ဖြတ်လာသူတွေပါကွာ။ တစ်ချိန်တုံးက မင်းအစ်ကိုဟာလည်း.... သေမင်းတမန်လမ်းက ပြန်လာတဲ့သူတစ်ယောက်ပါ။
၂၀၀၆ ခုနှစ် ဇူလိုင်လ.... မိုးတွေရယ် ဘာအငြိုးကြောင့်များ ........ဒီလောက်ရွာနေရတာလည်းကွာ။ မနေ့ကဖြစ်ပွားသောတိုက်ပွဲတွင် ဒဏ်ရာရလူနာများကို နောက်တန်းပြန်ပို့ပေးရမယ့် အဖွဲ့တွင် ကျွန်တော်က တပ်စုမှုးအဖြစ်လိုက်ပါလာရသည်။ မိုးက သည်းမည်းစွာ ရွာသွန်းသောကြောင့် ထင်သလောက်ခရီးမပေါက်။ ဒဏ်ရာရလူနာများကိုလည်း မကြည့်ရက်၊ သယ်ဆောင် ထမ်းပိုးနေကြသော ရဲဘော်များကိုလည်း ကိုယ်ချင်းစာသည် မြန်မြန်သွားရန်
အမိန့်ကိုလည်း မပြောရက်.. ဤသို့ဖြင့် လမ်းခရီးတွင် ရက်တော်တော်ကြာနား၍ ခရီးဆက်ရသောကြောင့် ရိက္ခာကမလောက်တော့ပြီ...
မိုးတွေကသည်းသည်းမည်းမည်း အငြိုးကြီးစွာရွာစဲပင်.. ရဲဘော်လေးလာပေးသွားသော ထမင်းကို စားရန်ပင်တော်တော်အဆင်မပြေ။ မိုးကာခြုံထားသောလည်း လေအဝှေ့တွင် အဆင်ကသိပ်မပြေချင်။ ဟန်းကောချိုင့်လေးထဲမှ မြေပဲဆန်လေးနှင့် ထမင်းကို ငုံ့ခပ်လိုက်ချိန်တွင် Jugle Hat ပေါ်မှ ရေများက ချိုင့်ထဲသို့ တလပောာစီးဆင်းသွားတော့သည်။ မြေပဲဆန်လေးတွေက ရေမြှုပ်နေသော ထမင်းပေါ်တွင် ပေါလောပေါလော။ ထမင်းကို လက်တဖက်ဖြင့်ခံကာ ရေပြန်စစ်ရင်း..... မြို့ပေါ်များတွင်တာဝန်ကျနေသော သူငယ်ချင်းများကို သတိရလိုက်သည်။ စစ်သားတွေဘ၀သည် ကျရာတာဝန်ကို ကျရာနေရာတွင် တာဝန်ထမ်းဆောင်ကြရသည်များကို တွေးရင်း ထမင်းအေးအေးလေးများကို စားခဲ့သည်။
အခုတော့လည်း ပြည်ပနိုင်ငံတွင် ပညာတော်သင်လာနေသော ကျွန်တော်တို့တွေသည် တစ်ချိန်ကလည်း ဒီလိုဘ၀တွေကို ဖြတ်ကျော်ခဲ့ရတယ် ဆိုတာ..ညီမလေး..သိပါစေကွာ။ ။

ဆက်ဖတ်ရန်...

Friday, October 19, 2007

ကျွန်တော် အရာရှိဖြစ်ပါပြီ

မနက်နေရောင်အောက်တွင် ခြေအစုံသည် သချိုင်းအ၀တွင်ရပ်မိရင်း...အတွေးတွေကလည်း တစ်ချိန်တုံးက အတိတ်ဆီသို့ရောက်ရှိသွားတော့သည်။ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်သော ကျွန်တော့်ကို ဖေဖေနှင့် မေမေက တပ်မတော်ထဲသို့ဝင်ရန် အားပေးကြသည်။ သားကြီးက အရာရှိဝတ်စုံလေးနဲ့ ကျက်သရေရှိမှာပဲလို့ မေမေက တဖွဖွပြောလေသည်။ ကျွန်တော် တပ်မတော်ထဲ မ၀င်ချင်ပါ။ အများနည်းတူ မြကျွန်းညိုညိုတက္ကသိုလ်ဟူသော ရောင်စုံပန်းများဖူးပွင့်နေသော တက္ကသိုလ်ကိုသာ တက်ချင်ပါသည်။ သို့သော်လည်း မိသားစုထဲတွင် အကြီးဆုံးသားဖြစ်သော ကျွန်တော်က မိဘစကားကို ရှေ့ဆောင်လမ်းပြ လိုက်နာမှသာလျှင် ညီငယ်၊ ညီမငယ်တို့ကို ဆုံးမနိုင်မည်သာဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော် တပ်မတော်နည်းပညာတက္ကသိုလ်သို့ရောက်ရှိလာပါတော့သည်....

ပထမနှစ်ကျောင်းသားတို့၏ဘ၀သည် ကျောင်းစတက်ကာစ သူငယ်တန်းကျောင်းသားလေး ကျောင်းစတက်သလို မချိုမြိန်ပါ။ အကြီးအငယ်အုပ်ချူပ်ရသောစနစ်ဖြစ်သောကြောင့် အချို့အချို့သော ကိစ္စများတွင် ပြန်ပြောခွင့်မရအောင်ကို အမိန့်နာခံရသည်။ ယောကျာ်းတန်မဲ့ မျက်ရည်ကျသလားမေးလျှင်..ကျွန်တော်မျက်ရည်ကျပါသည်။ ခါးသည်းမှုတွေကို ကြုံရတိုင်း ဖေဖေနှင့်မေမေကို ကျေးဇူးဆပ်ချင်သောစိတ်ကြောင့်သာ စစ်ထဲဝင်လာတာပဲဟု ကိုယ့်ကိုယ်ကို အားတင်းရင်းမျက်ရည်များဖြင့် အိပ်စက်ခဲ့ရသော ညတွေသည် တတိယနှစ်အရောက်တွင် ခန်းခြောက်စပြုလာပါသည်။ ကျွန်တော်ချစ်ရပါသော မေမေသည် ကျွန်တော့်တို့ကို လောကကြီးထဲတွင်ထားခဲ့တော့သည်။ မေမေ့ဈာပနကို အမှီပြန်ခွင့်တော့ ကျွန်တော်ရခဲ့ပါသည်။ အထီးကျန်မှုတွေဖြင့် ကျွန်တော် တစ်နှစ်ကျော်ဖြတ်လာနိုင်ချိန်.... စတုတ္ထနှစ်လယ်တွင် ရန်ကုန်သို့ကွင်းဆင်းလေ့လာရေးသွားရပါသည်။ လေ့လာရေးပြီး၍ ကျောင်းသို့ပြန်ရောက်သော အခါတွင် ကျွန်တော်ရူးသွပ်သွား မတတ်ခံစားရပါတော့သည်။ ဖေဖေ့ရက်လည်ဆွမ်းသွတ်သောနေ့ကိုသာ ကျွန်တော်မှီလိုက်ပါတော့သည်။ ကျွန်တော် ဘာဆက်လုပ်ရတော့မလည်း မည်သူ့ကို ကျေးဇူးဆပ်ဖို့ စစ်ထဲဝင်လာတာလည်း ကျွန်တော်မေးခွန်ပေါင်းများစွာဖြင့် ဖေဖေနှင့်မေမေအုတ်ဂူတို့ကို ကန်တော့ကာ ကျွန်တော်ကျောင်းတော်ကြီးသို့ပြန်လာရပါတော့သည်။ ဒီဇင်ဘာနှင်းမှုန်လေးတွေကြားမှာ ကျောင်းဆင်းပွဲဟူသော နေ့တစ်နေ့ထိတိုင် ကျွန်တော် ဤကျောင်းတော်ကြီးတွင် ဆက်လက်ရှိနေခဲ့ပါသည်။ လစ်လပ်နေသောမိဘထိုင်ခုံလေးက ကျွန်တော့်ရင်ထဲတွင် ဖေဖေနှင့်မေမေပြုံး၍ကြည့်နေသည်ဟု ခံစားမိသည်။
"ကိုကြီး...ဘာတွေရပ်ပြီး စဉ်းစားနေတာတုံး.. ၀င်ရအောင်လေ" ညီမလေးက ကျွန်တော့်လက်ကို ဆွဲရင်းသချိုင်းထဲသို့ဝင်လာခဲ့ကြသည်။ ညီငယ်သုံးယောက်နှင့် ညီမလေးကိုကြည့်ရင်း ကျွန်တော်မျက်ရည်ကျမိသည်။ ဖေဖေနှင့်မေမေ သားကာကွယ်စောင့်ရှောက်ရမှာ ညီလေးတို့ ညီမလေးတို့တင် မဟုတ်တော့ပါဘူး...နိုင်ငံတော်တစ်ခုလုံးကိုပါ ကာကွယ်စောင့်ရှောက်ရတော့မှာပါ။
ဖေဖေနှင့်မေမေ... သားအခု အရာရှိတစ်ယောက်ဖြစ်ပါပြီ။ မေမေမြင်ချင်တဲ့ အရာရှိဝတ်စုံနဲ့သား မေမေတို့ရှေ့ကိုရောက်နေပါပြီ။
"ဖေဖေနှင့်မေမေတို့ ကျေးဇူးကိုဆပ်ဖို့ သား ..တပ်မတော်သားကောင်းတစ်ယောက် ဖြစ်လာအောင် ဆက်ကြိုးစားပါ့မယ်။" ဖေဖေနှင့်မေမေ ကြားနိုင်ကြပါစေ။ ။
(ကျေးဇူးတင်ခြင်း။ ။ခံစားချက်လေးတစ်ခုကို စာရေးတင်ခွင့်ပေးသော တပ်မတော်နည်းပညာတက္ကသိုလ်မှ အစ်ကို့ကို အထူးပင်ကျေးဇူးတင်ပါတယ်။ )

ဆက်ဖတ်ရန်...

မွန်မြတ်သော ဆုံးဖြတ်ချက်


"မချစ်နိုင်ဘူး။"
"ဘာလို့ မချစ်နိုင်ရတာတုံး။"
"ခြေလျင်က မဟုတ်လို့။ မီးငယ် က လေတပ်ဝတ်စုံကို မကြိုက်ဘူး။ ဒါကြောင့် လေတပ်ကို ရွေးမယ်ဆိုတော့ အစ်ကိုကြီးကို မချစ်နိုင်ဘူး။"
ထိုအချိန်က ကိုယ့်စိတ်က မရည်ရွယ်ဘဲပြောလိုက်သော စကားတစ်ခုသည် သူတစ်ပါးကို ဒုက္ခရောက်စေခဲ့သည်ကို မသိခဲ့ပါ။ ဗိုလ်လောင်းဘ၀ နောက်ဆုံးနှစ်ရွေးချယ်မှုများတွင် အစ်ကိုကြီးမည်သည့်လိုင်းကို ရွေးချယ်ခဲ့သည်ကို သူမ မသိခဲ့ပါ။ လအနည်းငယ်ကြာသောအခါ သူမအိမ်သို့စာရောက်လာပါသည်။ စာအိတ်ပေါ်တွင် ....
ဗိုလ်...... (ကြည်း ......)
ဆိုသည့် အစ်ကိုကြီးနာမည်ကို ဖတ်လိုက်ရသောအချိန်တွင် အံ့သြမှုများဖြင့် သူမစကားပင်မပြောနိုင်တော့။ သူမပြောခဲ့သော စကားကို အမှန်တကယ်ပင်အလေးထားကာ ကြည်းတပ်ကိုရွေးချယ်ပြီးမှ ဒုတိယအကြိမ်ချစ်ခွင့်ပန်သော အစ်ကိုကြီးကို ချီးကျူးမိသည်။ ထိုအချိန်တွင်လည်း သူမက တက္ကသိုလ်ကျောင်းသူဘ၀ဖြစ်သောကြောင့် အစ်ကိုကြီး၏ပုံမှန်ရောက်ရောက်လာသော စာလေးများသည် စိတ်ဝင်စားဖွယ်အဆင့်က မကျော်လွန်နိုင်ပေ။ နွေမိုးဆောင်းတစ်ကျော့ပြီးသော ဆောင်းဥတု၏ရက်တစ်ရက်တွင် သူမအတန်းရှေ့သို့ အစ်ကိုကြီး၏သူငယ်ချင်းတစ်ယောက် ရောက်လာပါသည်။ အတန်းပြီးသော အခါတွင် ဆိုက်ဆိုက်မြိုက်မြိုက်ပင် သူမရှေ့ရောက်လာကာ အစ်ကိုကြီး သည် စစ်မြေပြင်တွင် မိုင်းနင်းမိသောကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးသွားကြောင်း၊ ယခု မင်္ဂလာဒုံတပ်မတော်အရိုးရောဂါကုဆေးရုံတွင် တက်ရောက်ကုသမှုခံနေကြောင်း အဆောင်နံပါတ်များကိုပြောကာ ပြန်လည်နှုတ်ဆက်ထွက်ခွာသွားလေသည်။ သူမကမ္ဘာကြီးတစ်ခုလုံးသည် ချာချာလည်သွားသလိုခံစားလိုက်ရသည်။ တစ်ညလုံးလည်း အတွေးမြောက်များစွာဖြင့် အိပ်မရဖြစ်ပဲမိုးလင်းသွားသည်။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုရရှိလိုက်သည်။ မနက်အိမ်မှထွက်လာသောအခါ သူမကားလေး၏ ဦးတည်ချက်သည် ကျောင်းသို့မဟုတ်ပဲ မင်္ဂလာဒုံသို့ဦးတည်၍မောင်းနေသည်။ အစ်ကိုကြီးရေ... မီးငယ်အပြစ်တွေအတွက်တောင်းပန်ပါတယ်။ မီးငယ်ဘ၀တစ်ခုလုံးကို အစ်ကိုကြီးရဲ့ဘ၀ အဖော်မွန်အဖြစ်ရပ်တည်ပါတော့မယ်....
နောက်တစ်နှစ်ပြည့်သောနေ့တိတိတွင် သူမနှင့် အစ်ကိုကြီးပျော်ရွှင်စွာ မင်္ဂလာဖိတ်စာတွေ လိုက်ဝေရင်း အနာဂတ်အတွက် ခွန်အားအပြည့်ဖြင့် ပြုံးနေသော အစ်ကိုကြီးမျက်နှာကို သူမ ငေးကြည့်နေမိသည်။
(လေးစားအပ်ပါသော အန်တီတစ်ယောက်ကို ဂုဏ်ပြုလိုသောကြောင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ အန်တီ..ဒီဝတ္တုလေးကို နားလည်ပေးပါလို့တောင်းပန်ရင်း...)

ဆက်ဖတ်ရန်...

ကျွန်တော်တို့က လူထဲကလူ၊ လုထဲက စစ်သား


ကျွန်တော်တို့တပ် ရှေ့တန်းက ပြန်သိမ်းလာပြီ။ ရန်ကုန်မှာမငြိမ်မသက်ဖြစ်တာရော၊ ကျွန်တော်တို့တပ်ခွဲကို နောက်တပ်ခွဲတစ်ခုနဲ့လဲတာရောကြောင့် နောက်တန်းကို ပြန်လာရတယ်။ အိမ်က ဇနီးနှင့် သမီးမျက်နှာကိုတောင် မတွေ့ရသေး...စခန်းရုံးက ထပ်မံပေးအပ်လိုက်တဲ့ နောက်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ အသင့်ပြင်ရတော့မည်။ အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက် ကြားလိုက်ရသော အကြောင်းအရာတစ်ခုကြောင့် တော်တော်စိတ်မကောင်းဖြစ်မိသည်။ စစ်သားတွေကို ဘယ်ဂြိုလ်က ကျလာတာလည်း၊ သူတို့ကိုရော အဖေ အမေကမွေးတာ မဟုတ်ဘူးလား အစသဖြင့် ပြောဆိုနေတာတွေကို ကြားလိုက်ရတယ်။ ကျွန်တော်တို့ဟာ စစ်သားဆိုတဲ့ ၀န်ထမ်းတွေပါ။ အမိန့်ကို နာခံရမယ်။ နိုင်ငံကို ကာကွယ်ရမယ်။ ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက် ကျွန်တော်တို့ကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်ရမှာပါ။ ကျွန်တော်တို့မှာ ဗိုလ်လောင်းဘ၀ကတည်းက ထမင်းမစားခင်တောင် ရွတ်ဆိုရတဲ့ သစ္စာအဓိဌာန်(၄)ချက်အတိုင်း လိုက်နာဆောင်ရွက်နေသည်မှာ...
ဘယ်ဂြိုလ်က ကျလာတဲ့ အကောင်တွေဆိုတဲ့ စကားလုံးဘ၀အောက်ကို ရောက်ကုန်ပြီလား ... ရန်ကုန်မှာ ဒီအခြေအနေရောက်လာတော့မှ ကျွန်တော်တို့ ရှေ့တန်းစစ်မြေပြင်မှာ ချစ်သူ ခင်သူကို ခွဲခွာပြီး အသက်တွေ ချွေးတွေရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာတွေက မြူမှုန်လို ပျောက်ကွဲသွားပြီလား။ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေစွန့်လွှတ်လိုက်ရသော စစ်သားတွေနှင့် ကျွန်တော်တို့တွေက ဘယ်ဂြိုလ်က ကျလာတဲ့ အကောင်တွေလည်းဆိုတဲ့ ခေါင်းစဉ်အောက်မှာလား ?????
အတွေးတွေနဲ့လျှောက်လာရင်း အိမ်ရှေ့အရောက်တွင်...ကျွန်တော်အသက်မသေပဲ ပြန်လာတာကို အိမ်ဝမှာ စောင့်နေတဲ့ မျက်ရည်စက်လက်မျက်နှာလေးနဲ့ ကျွန်တော့်ဇနီး၊ လောကကြီးအကြောင်းကို ဘာမှသေချာမသိသေးတဲ့ ကျွန်တော့်သမီး ...
ညစ်ပတ်ပေကျံနေသော ယူနီဖောင်းနဲ့ ကျွန်တော့်ရင်ခွင်ဆီကို ဖေဖေ ဟုအော်ကာပြေးဝင်လာသော သမီးလေးမျက်နှာကိုကြည့်ရင်း ဒေါသတရားများကွယ်ပျောက်သွားသည်။ ဘယ်လိုပင်ခံစားနေရပါစေ ကျွန်တော့်တာဝန်ကို ဆက်လက်ဆောင်ရွက်နေရမှာပါ။ စိတ်ဓါတ်စစ်ဆင်ရေးကို မကျဆုံးရအောင် အားပေးနေသော ကျွန်တော့်သမီးနှင့် ဇနီးကတော့ အကောင်းဆုံး အားဆေးတစ်ခွက်ပါ..

ဆက်ဖတ်ရန်...

မွန်မြတ်သောပေးဆပ်ခြင်း


တိတ်ဆိတ်နေသော မနက်ခင်းတစ်ခုတွင်...
" လုံးဝသဘောမတူနိုင်ဘူး။ မင်းအဓိပ္ပာယ်မရှိတာမပြောနဲ့ ...မင်းက မေမေတို့ရဲ့တစ်ဦးသော သား။ မင်းကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး " မေမေကတော့ ပြတ်သားစွာပင်ပိတ်ပင်နေပြီ။ ဖေဖေ ဆီမှနောက်ဆုံး အသက်ကယ်ဆေး အနေနဲ့ လျှမ်းကြည့်လိုက်မိသည်။
"သား...စစ်သားဘ၀ဆိုတာ မင်းထင်သလို မလွယ်ဘူးနော်။ မင်းဆင်းရဲဒုက္ခခံနိုင်လို့လား။ မင်းစစ်ထဲဝင်ချင်တင်ဆိုရင်တောင် တပ်မတော်စစ်ဆေးကို ၀င်ပေါ့။ မင်းအဖေနှင့် အမေက ဆရာဝန်တွေဆိုတာ မမေ့နဲ့အုံး။ " ဖေဖေထံမှရလိုက်သော စကားကတော့ အားပေးမှုမပါ။
"ဖေဖေကတောင် စစ်သားတွေဘ၀ကို ဆင်းရဲဒုက္ခလို့မြင်ရင်.. အခုဝင်နေတဲ့သူတွေကို ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလည်း..သားကတော့ဆုံးဖြတ်ချက်ကို လုံးဝမပြင်ဘူး။" ထိုကဲ့သို့အတိုက်အခံများဖြင့်......

သူစစ်တက္ကသိုလ်သို့ရောက်ခဲ့သည်။ တစ်ဦးတည်းသောသားဟူသော ဘ၀တွင် ပျင်းစရာကောင်းခဲ့သော သူ့ဘ၀တွင် ချစ်ခင်လေးစားရသော အစ်ကိုတွေ၊ ညီတွေရခဲ့ပါတယ်။
(၃)နှစ်ပြည့်မြောက်လို့ကျောင်းဆင်းပွဲနေ့တွင် မေမေကတော့ မျက်ရည်များဖြင့်သာ ထွက်ဖို့ကို တတွင်တွင်ပြောနေသေးသည်။
"သားရယ်.. မေမေစိတ်မချဘူး။ ထွက်လိုက်ပါလား"
"မေမေ.. သေမယ့်သူချင်း အတူတူ မြတ်သော သေခြင်းနဲ့သာ သေချင်တယ်။ သားအသက်နှင့် ခန္ဓာကို သားပေးလှူထားပြီးသားပါ။ သား သေမှာမကြောက်တော့ပါဘူး။ သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးပါ..မေမေ" ကျောင်းဆင်းပြီးသောအခါ တာဝန်ကျရာနေရာသို့သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် စာရေးသူထံသို့ သူအဆင်ပြေကြောင်း၊ သူ့ဘ၀ကို သူကျေနပ်ကြောင်း စာလေးများရောက်ရောက်လာပါသည်။
မိုးအကုန်ဆောင်းအကူးကာလလေးမှာတော့ မမျှော်လင့်သော သတင်းတစ်ခုကြားလိုက်ရသည်။ စာရေးသူ၏ သူငယ်ချင်းတိုက်ပွဲတွင် ကျဆုံးသောသတင်းကရောက်ရှိလာပါသည်။ သူ၏ဈာပနကို မအားသည့်ကြားက ရောက်အောင်သွားလိုက်သည်။ သူငယ်ချင်းရေ... မင်းပြောတဲ့ မြတ်သော သေခြင်းပါပဲ။ မင်းကို ဂုဏ်ပြုတဲ့ သေနတ်ပစ်ဖျောက်သံတွေကို မင်းကြားရ ရဲ့လားကွာ။ မင်းပြောခဲ့ဘူးတဲ့ လူရယ်လို့ဖြစ်လာရင် မြတ်သောသေခြင်းနဲ့ သေဆုံးခြင်းသည် အကောင်းဆုံးဆိုတာကို မင်းက သက်သေပြသွားတာလား..
(တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသွားသော စစ်တက္ကသိုလ်သင်တန်းအမှတ်စဉ်-၄၇ မှ သူငယ်ချင်းကိုရည်စူးရင်း..)

ဆက်ဖတ်ရန်...

ညီလေးအတွက်


ကျွန်တော့်ဘ၀မှာ ပျော်စရာကောင်းသော ရက်တစ်ရက်ထပ်မံပေါ်ပေါက်လာပါပြီ။
ကျွန်တော့်ရည်မှန်းချက်တွေ သေပြီလို့ထင်ခဲ့ရသောနေ့မှ (၂)နှစ်တိတိကျော်လွန်သောအခါ...
"ဗိုလ်ကြီး ....... ခင်ဗျားခြေထောက်က ပုံမှန်နီးပါးပြန်ဖြစ်နေပြီပဲ..အံ့သြစရာပဲဗျာ။ ဗိုလ်ကြီးဆေးဆင့်ချအုံးမှာလား..ဒီအတိုင်းဆို "
" ဗိုလ်မှူး..တစ်ကယ်လား..၀မ်းသာလိုက်တာ။ ကျွန်တော်အရင်ကလိုတော့ ပြေးရင်မနာတော့ဘူးဆိုတာတော့ သိတယ်။ ဒီလောက်ကြီးထိကောင်းလိမ့်မယ်လို့ မထင်ထားတာ။ ဒီလိုသာဆိုရင်တော့ ကျွန်တော်ဆေးဆင့် မချတော့ပါဘူး။ ကျွန်တော့် အသက်သေသည် အထိ တပ်မတော်ထဲမှာပဲ တာဝန်ထမ်းဆောင်ချင်ပါတယ်။ "
" ကောင်းပါတယ်။ ဒါဆို ဆေးမှတ်တမ်းရေးပေးလိုက်မယ်။ အရမ်းတော့ ပြင်းပြင်းထန်ထန်တော့မလုပ်သေးနဲ့ သင်တန်းတွေကတော့ တက်လို့အဆင်ပြေမှာပါ"

ဆရာဝန်ကြီးစကားတွေကို နားထဲမှ မထွက်နိုင်အောင် ပီတိများစွာဖြင့် ကျွန်တော့်ကုတင်ဆီသို့ပြန်လာမိသည်။ ကုတင်ပေါ်တွင်လှဲနေရင်း အတွေးနယ်များကို ချဲ့မိသည်............

"ကိုကြီး..ဒီနေ့ဆေးစစ်တာ အဖြေရပြီ..ညီလေးအောင်တယ်။ ဒါပေမယ့် ညီလေး မသွားချင်ဘူး။ အမေနှင့် ကိုကြီးကို မခွဲနိုင်ဘူး။ နောက်ပြီး ကိုကြီးခြေထောက်ကလည်းကောင်းတာမဟုတ်တော့ ကျွန်တော်အပြင်မှာပဲ စီးပွားရေးပြန်လုပ်ပေးတော့မယ်ဗျာ"
ကျွန်တော့်လက်သီးက မပြောမဆို ညီလေးနှာခေါင်းရိုးကို ထိမိရက်သားဖြစ်သွားသည်။ ညီလေးကတော့ ကျွန်တော့်အား တွေတွေကြီးသာ စိုက်ကြည့်နေသည်။
"မင်းမို့လို့ပြောရက်တယ် ကိုလေး။ ငါဒါဏ်ရာရတာက ခြေထောက်တစ်ခုတည်းပါကွ ငါမသေသေးပါဘူး။ မင်း..အဖေမှာတာတွေကို မေ့သွားပြီလား။ မင်းတိုင်းပြည်အတွက် ဘာတာဝန်ကျေအောင်လုပ်ခဲ့ပြီးပြီလည်း။ မင်း စစ်တက္ကသိုလ်မှာ (၃)နှစ်လုံးလုံးပညာသင်ခဲ့တဲ့ ကျေးဇူးတရားကို မမေ့နဲ့။ ပညာတော်သင်သွားရတာကိုတောင် မင်းက ဂုဏ်ယူရမှာ။ ငါဒါဏ်ရာရလို့ ငါ့ခြေထောက်စွန့်လွှတ်ရရင်တောင် ငါကျေနပ်တယ်။ အမေနှင့်ငါအတွက်.မင်းစိတ်ပူမနေပါနဲ့ကွာ ...ငါလည်း ခွင့်ရတိုင်း အမေ့ဆီ အမြဲဝင်မှာပါ။ အဖေနှင့်အမေဖြစ်စေချင်တဲ့ ထူးချွန်တဲ့သူတစ်ယောက်ဘ၀ကို မင်းရအောင်ဆက်ကြိုးစားပါ။ "
ညီလေးကတော့ ကျွန်တော့်အား ခေါင်းသာညိတ်ပြပြီး နှုတ်ဆက်ကာပြန်သွားလေသည်။

ကျွန်တော်စိတ်မကောင်းတော့ဖြစ်မိသည်။ ညီလေးက အမေနှင့်ကျွန်တော့်အတွက် စိတ်ပူတာကို ကျွန်တော်ဘာကြောင့်များ ထိုးမိပါသနည်း။ ညီလေးအတွေးကလည်းမမှားပါ။ အမေသည် သား(၃)ယောက်ကို လူ့လောကအလယ်တွင် အဖေ မရှိတော့သည့်တိုင် လူတန်းစေ့နေနိုင်အောင် ထားပေးခဲ့သည်။ လူလားမြောက်သော သားနှစ်ယောက်လုံးသည် စစ်ထဲသို့ဝင်ခဲ့သည်။ ကျွန်တော့်ဒါဏ်ရာရသည့်တိုင် အမေကတော့ အပြုံးမပျက်သူ့သားများအတွက် ဂုဏ်ယူနေဆဲ......
ကျွန်တော်ခြေထောက်ပြန်ကောင်းလျှင်တောင် စစ်ထဲမှာပဲဆက်လက်အမှုထမ်းချင်သည်ဟု အမေ့ဆီသို့ဖုန်းဆက်ပြောသောအခါ .. သားတို့အတွက် အမေ အမြဲဂုဏ်ယူနေမှာပါဟုပြောရင်း ချောင်းများဆိုးကာ စကားပင်ဆက်မပြောနိုင်တော့သည့် အမေ့အသံကို ကြားရချိန်မှာတောင် ကျွန်တော်စစ်တပ်ကထွက်ဖို့ စိတ်ကူးပင်မရှိခဲ့ပါ။ ကျွန်တော်တစ်ကိုယ်ကောင်းဆန်နေပြီလားဟု နောက်တနေ့တွင် ဖုန်းပြောသောအခါမေးမိလိုက်ရာတွင်...
" သားရယ်..မင်းတို့ အဖေသွေးတွေက မင်းတို့ကိုယ်မှာ စီးနေတာပါ... မင်းတို့ အဖေတိုက်ပွဲမှာဒါဏ်ရာရပြီး မဆုံးခင်ဆေးရုံမှာ နောက်ဆုံးပြောခဲ့တဲ့ စကား သားးမှတ်မိမှာပါ။"
"အဖေ့သားတွေ..မွန်မြတ်သော သေခြင်းကိုသာ လုပ်ဆောင်နိုင်ပါစေ" ..... အဖေ့စကားက နားထဲတွင် ပဲ့တင်ထပ်နေသည်။
အဖေ.. သားညီလေးကိုထိုးလိုက်မိတာဟာ စေတနာဒေါသောနဲ့ပါ။ ညီလေးတစ်နေ့နားလည်လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ရင်း..ညီလေးဆီသို့.....

ဆက်ဖတ်ရန်...

ဂုဏ်လေးတစ်ခုက အရာရှိကတော်ပါ

မနေ့က အမှတ်မထင် ကျွန်တော့်ညီမလေးတစ်ယောက်နဲ့ chat မှာစကားပြောဖြစ်တယ်။ ညီမလေးပြောတာလေးတွေက..
ညီမလေး ။ ။ ကိုကြီးတို့က စစ်သားတွေဆိုတော့ ရှေ့တန်းသွားရမှာပေါ့နော်။ တိုက်ပွဲဆိုရင် သေနတ်ပစ်တာတွေပါရှိမှာပေါ့နော်။
ကျွန်တော်။ ။ သြ..တိုက်ပွဲဆိုမှတော့ ဘယ်သူက ပန်းနဲ့ပေါက်နေ မတုန်းကွာ။ ဟိုဘက် ဒီဘက် ကတော့ ပစ်နေတာပေါ့။

ညီမလေး ။ ။ အင်း.. ညီမလေး တစ်လောက အစ်မတစ်ယောက်နဲ့ စစ်ဆေးရုံကို လိုက်သွားတော့ ... စိတ်တောင်မကောင်းဘူး။ မြင်ရတာကိုကြည့်ပြီး။ ကိုယ်ထက်ငယ်တဲ့ သူတွေကိုတောင် ဒီလိုနေရာမှာ ဒီလို အခြေအနေတစ်ခုနဲ့တွေ့လိုက်ရတာကို
ကြည့်ပြီး စစ်သားတွေဘ၀ကို တော်တော်စိတ်မကောင်းဖြစ်မိတယ်။
ကျွန်တော်။ ။ ဒီလိုပါပဲကွာ အသက်ကိုပေးပြီးပြီပဲ။ ဒီလောက်ကတော့ ကံကောင်းတယ်လို့ပြန်ဖြေသိမ့်ရတာပေါ့။
ညီမလေး ။ ။ ဟာ..ဘယ်ဟုတ်မလည်း ကိုကြီးရ.. သူတို့တွေရဲ့ မိသားစုတွေ ကရော။ အသက်ငယ်ငယ်နဲ့ အဲဒီလိုဖြစ်သွားတဲ့ သူတွေကြတော့ရော သူတို့ကောင်မလေးတွေကရော..ဘာတွေဆက်ဖြစ်မယ်ထင်တုံး။ ညီမလေး ကတော့ အဲဒါတွေ စဉ်းစားပြီး ရှေ့တန်းမထွက်ရတဲ့ လက်ရုံးတပ်က သူကိုပဲ ချစ်သူအဖြစ်လက်ခံတော့မယ်။ ကောင်းတယ်..ဟုတ်။
ညီမလေးပြောလိုက်တာကို နားထောင်ပြီး အဆုံးမှာတော့.. ကျွန်တော့်ချစ်သူကောင်မလေးမျက်နှာကို ပြေးမြင်လိုက်မိသည်။ ကျွန်တော်တို့ ခြေလျင်ကတပ်မတော်သားများ၏ အချစ်ကို လက်ခံကာ သူတို့ဘ၀လေးတွေကိုပါ အေးအတူ၊ ပူအမျှခံစားပေးသော ခြေလျင်တပ်မတော်သားများ၏ ဇနီးမယားများကို ချီးကျူးမိသည်။ သူတို့ရလိုက်တဲ့ ဂုဏ်လေးကတော့ အရာရှိကတော်ပါ။ ပေးဆပ်လိုက်ရပြီဟေ့ ဆိုရင် ဘ၀တစ်ခုလုံးဆိုတာ...ကျွန်တော့်ချစ်သူကောင်မလေးကြိုတွေးထားနိုင်ပါစေ...

ဆက်ဖတ်ရန်...

စစ်မြေပြင်မှ နတ်သုဒ္ဓါ


(မိဘအိမ်တွင်..)
မိုးလင်းကျောင်းသွားခံနီး ဖြစ်နေကြကတော့ "အမေ ဘာဟင်းတုန်း ဒီနေ့" ...
" မနေ့က အမေ ဈေးမသွားအားလို့ ဘဲဥဟင်းလေးပဲ ချက်ပေးလိုက်တယ် သားရယ်"...
"ဟာ..ဒီဟင်းကြီး မစားချင်ပါဘူး။ တော်ပြီ..၀ယ်စားလိုက်တော့မယ်။ မယူသွားတော့ဘူး"။
(စစ်တက္ကသိုလ်ရောက်သောအခါတွင်...)
အိမ်ကပို့လိုက်တဲ့ အကြော်မနက်ဖြန်ရောက်မယ်တဲ့.. အတွေးလေးနဲ့တင် ပျော်နေသည်။ ဂျီးများ၍ မရတော့ အများတန်းတူ စားတတ်ရတော့သည်။ အရင်အချိန်ကအိမ်တွင် ကကျီကကြောင် ကျခဲ့သည်များကို ပြန်လည်မြင်ယောင်မိသည်။ အမေ...သားတောင်းပန်ပါတယ်။ စစ်တက္ကသိုလ်တွင် တော့ ဒီလိုပဲဖြတ်သန်းရင်းနဲ့ (၃)နှစ်ပြီးခဲ့ပါပြီ။ တာဝန်ကျရာ နေရာဒေသကိုလည်း ရောက်လို့လာပါပြီ။
(စစ်မြေပြင်တွင်....)

"ဗိုလ်ကြီး..ရိက္ခာကုန်ပြီ"....ကြားလိုက်ရသောစကားကြောင့် စိတ်မကောင်းအတော်ဖြစ်မိသည်။ မတတ်နိုင်၊ မရှိတော့လည်း ရှိတာရှာစားရတော့မှာပေါ့။
"ဗိုလ်ကြီး..ဒီမှာ စားစရာရပြီ"..

"ဘာတုံး ဆရာကြီးရ။ ငှက်ပျောအူတွေလား။ ဘာတုန်း" ..
"အီကုတ်.. ဗိုလ်ကြီး" ..
"အီကုတ်.. ဆရာကြီး ဟုတ်မှလည်း လုပ်နော်။ ရဲဘော်တွေ ဒုက္ခရောက်နေပါ့မယ်။"
"ဗိုလ်ကြီးတို့ကသာ မစားဘူးသေးလို့ပါ။ ကျွန်တော်တို့တွေက နောက်တန်းက ပေးအဖွဲ့ မရောက်သေးရင် ဒီအကောင်ကို စားနေကြ...စားကြည့်"
မြေကြီးထဲမှ နှိုက်ယူလိုက်သော အကောင်ရွစိရွစိများကို ကြည့်ပြီး... အမေ့မျက်နှာ နှင့် အမိကျောင်းတော်ကြီး သတိရမိသည်။ အိမ်မှာ ဂျီးများသမျှ ကျောင်းရောက်တော့ ကျွတ်သည်။ စစ်မြေပြင်ရောက်တော့ အမိကျောင်းတော်မှာ စားခဲ့ရသော ထမင်းတစ်နပ်ကို သတိရမိသည်။ အရှေ့ရောက်လာသော အကောင်မည်းမည်းကြော်ကို ကြည့်ပြီး ရင်ထဲအောင့်လာသည်။ မတတ်နိုင် မစားလျှင် ငတ်သေရုံသာရှိမည်။ စားရင်းနဲ့မှ တော်တော်စားကောင်းသည်။ ပင်ပန်းသည့် ဒဏ်ကြောင့်လား၊ ဘာလားတော့ မသိ စစ်မြေပြင်တွင် ရှိတာကို ရှာကျန်စားလိုက်ရသော ထမင်းတစ်နပ်သည် ကျွန်တော်တို့ စစ်သားများအတွက်တော့ နတ်သုဒ္ဓါတစ်ပွဲပင်ဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာမိလိုက်ပါတော့သည်။

ဆက်ဖတ်ရန်...

ရင်ကိုယားစေသော စာလေးတစ်စောင်


ကရင်ပြည်နယ်ဒေသလေးတစ်ခုတွင် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေရချိန် ချစ်သူ၊ ခင်သူ၊ မိဘဆွေမျိုးမောင်နှမများ နဲ့ဝေးကွာနေသော ကာလလေးသည် လွမ်းဆွေးမှုတွေနှင့် တာဝန်ဟူသော အရာနှစ်ခု ပြည့်နှက်နေသော ရက်များဖြစ်သည်။ နောက်တန်းမှရောက်လာသော စာလွှာလေးများသည်သာ တစ်နေ့တာ ပင်ပန်းနေမှုများကို အဝေးသို့ လွှင့်စင်စေပါသည်။ အကြင်ချစ်သူမရှိသော ကျွန်တော့်ဘ၀အတွက် စာဆိုသည်မှာ တော်တော်စဉ်းစားရသည်။ ကံကောင်းချင်သောရက်လေးကို ရောက်လာပါသည်။ ရဲဘော်တစ်ဦးက ကျွန်တော့်နာမည်နဲ့ စာလေးတစ်စောင်ကို ယူဆောင်လာပေးပါတယ်။ ပေးပို့သောစာလွှာရှင်လေးနံမည်လေးက မကြာသေးမီက ခင်မင်ခွင့်ရလိုက်သော ညီအစ်မနှစ်ယောက်... ကျွန်တော်ဝမ်းသာမှုများနှင့် ရင်ခုန်မှုတွေပါ စာလေးကို ဖွင့်လိုက်မိသည်။.....

စာထဲကအကြောင်းအရာလေးတွေကို ဖတ်ရင်းနဲ့ ရင်ထဲမှာ ယားကျိကျိဖြစ်လာတယ်။ တော်တော်ကို ဆွဲဆောင်မှုကောင်းတဲ့စာလေးပေါ့ ယားကျိကျိတောင် ခံစားရတယ်ဆိုတော့။ နောက်တော့ လက်တွေပါယားလာတာ။ တစ်ကိုယ်လုံးကို ယားလာတော့တာပါပဲ။ နောက်ဆုံးမှာတော့ ရေပြေးချိုးလိုက်ရတော့တယ်။ စာလေးကို သေချာစွာဖတ်ကြည်တော့မှ အောက်ဆုံးတွင် သတိပေးစကားပါ ပါတယ်။ "ခွေးလျားသီးမှုန့်ပါသည်" တဲ့လေ။ ဘယ်လိုမှကို အပြစ်မြင်လို့မရဘူး။ သူတို့ရဲ့စာလေးကြောင့် ပင်ပန်းနေသော ကျွန်တော်တင်မက ကျွန်တော့်တပ်ခွဲတစ်ခုလုံး တသောသောရယ်နိုင်တော့သည်။ ညီမလေးနှစ်ယောက်ကို ဒီအကြောင်းရာလေးကို စဉ်းစားမိတိုင်း ကျေးဇူးတင်ပါတယ်။

ဆက်ဖတ်ရန်...

ကျွန်တော့်ချစ်သူ တောင်းသောဆု


ပျောက်ကွယ်သွားသော အလင်းရောင်တန်းတစ်ခုကို ကြည့်ရင်း လစ်လပ်သွားသော နှလုံးသားလေးကို ရင်နာနာဖြင့်သာ လက်ခံလိုက်ရတော့မယ်။ ဘေးဝဲယာမှ ကျွန်တော့် သူငယ်ချင်း၊ ရဲဘော်ရဲဘက်များကတော့ တိတ်ဆိတ်စွာပင် ၀င်ခံနီး နေမင်းကြီးကိုသာ ငေးမောကြည့်နေကြသည်။ ကျွန်တော်တို့ဘ၀တွေက နေ၀င်ချိန်ရောက်နေပြီလား.....
တိုက်ပွဲတွင် ရလိုက်သော ဒါဏ်ရာကြောင့် ကျွန်တော်ဒီဆေးရုံကို ရောက်လာခဲ့တယ်။ ရက်တွေလတွေသာ ပြောင်းလာပေမယ့် ကျွန်တော်မျှော်လင့်ထားတဲ့ သူမ ရောက်မလာခဲ့ပါဘူး။ အကျည်းတန်နေတဲ့ ကျွန်တော့်ဘ၀ထဲကို သူမကို မခေါ်ရက်ပါဘူး။ ဒါပေမယ့်လည်းဗျာ... နှစ်ကိုယ်တူ ထားခဲ့တဲ့သစ္စာတွေကို မသိစိတ်က တောင့်တနေမိတာပါ။ နေ့လေးတစ်နေ့မှာတော့

ကျွန်တော်မျှော်လင့်တာ ဖြစ်လာပါတယ်။ သူမရောက်လာပါပြီ.. ကျွန်တော့်ကိုပြုံးပြနေတဲ့ အပြူံးလေးက အေးစက်စက်လေး... သူမပြောလိုက်တာကတော့
"ကိုလေး ကို ကန်တော့ပါရစေ" ဘာပြန်ပြောရမှန်း မသိအောင်ကို ကျွန်တော့်ချစ်သူလေးက ထူးဆန်းတာတွေကို လုပ်နေပြီ။ ကြမ်းပြင်မှာ ပုံ့ပုံ့လေးထိုင်ချကာ ကျွန်တော်ကို ကန်တော့နေတော့သည်။ ကန်တော့ခြင်း အဆုံးမှာ သူမပြောလိုက်တာလေးက "ပြစ်မှားမိတာများရှိခဲ့ရင် ခွင့်လွှတ်ပါ။ ကိုလေး.. ငယ့် ကို မေ့လိုက်ပါတော့" တဲ့။ သြကာသ လောကသား အပေါင်းတို့ ခင်ဗျာ.. ကျွန်တော်ဘာဆုပေးရမတုံး ???? "လိုအင်တောင့်တမှုတွေပြည့်ပါစေ" လို့ပြောရမှာလား။
ကျွန်တော်ချစ်သူကောင်မလေးကတော့ အဆန်းထဲကမှ အဆန်းဆုံးကို လုပ်ပြသွားပါပြီ။
သူကျောခိုင်းသွားပြီ.. နေမင်းကြီးကလည်း ၀င်သွားပါပြီ။ ကျွန်တော်ချစ်သောမြေအတွက် ကာကွယ်ပေးရင်း ကျွန်တော်ခန္ဓာတင်မက၊ ကျွန်တော်ချစ်သောကောင်မလေးပါ စွန့်လွှတ်လိုက်ရပြီ။ ကျွန်တော့်လို "တောင်းတဲ့ဆုတွေပြည့်ပါစေ" အဖြစ်မျိုးနဲ့ မကြုံကြပါစေနဲ့.... ညီတို့၊ အစ်ကိုတို့။

ဆက်ဖတ်ရန်...

To..Daddy

(သူငယ်ချင်းတစ်ယောက်ရဲ့ခံစားချက်တစ်ခုပါ။)

အဖေသိနိုင်ပါစေ...

သားစာမေးပွဲအောင်တယ် အဖေ. ဒါကို အဖေ မသိနိုင်တော့ဘူးနော်။ သား စစ်တက္ကသိုလ်တက်မယ် အဖေ။ အဖေဖြစ်စေချင်တဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်အောင် သားကြိုးစားမှာပါ။ အဖေကို မြင်စေချင်တယ် အဖေရာ.. သားကျောင်းဆင်းပွဲမှာ အဖေ့ကို ရှိစေချင်လိုက်တာ။ အမေကတော့ အပြုံးတွေက မျက်ရည်တွေနဲ့။ သားတာဝန်ကျတဲ့နေရာက သားတို့မြို့လေးကနေ သဘောင်္တစ်တန်၊ ကားတစ်တန်ပေါ့။ အဖေရေ...သား ရှေ့တန်းထွက်ရတော့မယ်။ သား ရင်ထဲမှာ အဖေကို ပြောချင်နေတယ်။ အဖေဖြစ်စေချင်တဲ့ အရာရှိတစ်ယောက်သားဖြစ်လာပြီ။ အဖေရေ ရှေ့တန်းမှာကတော့ အဆင်ပြေလားလို့မေးရင်တော့ ဒီလိုပါပဲပြောရမှာပေါ့။ ရက်တွေလတွေ ကုန်လာပြီ အဖေ။ သားတာဝန်ချိန်ပြီးဆုံးလို့ သား သင်တန်းတက်ဖို့ကြေးနန်းဝင်လာပြီ။ သားအရမ်းပျော်တာပဲ အဖေရာ.. အမေနှင့် ညီထွေးကို သားတွေ့ရတော့မယ်။ သား အပြန်လမ်းမှာ အပျော်တွေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရမယ်တဲ့။ သား သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံရတော့မယ်။ မြို့လေးတစ်မြို့ကိုရောက်ဖို့ မိုင်(၂၀)ပဲလိုတော့တယ်။ သား uniform ကတော့ ညစ်ပတ်နေပြီ အဖေရာ မတတ်နိုင်ဘူးလေ ဒီလိုပဲ မြို့ထဲကို ၀င်ရတော့မှာပေါ့။
အဖေ...... သားမျက်လုံးတွေ ပြာသွားတယ်။

အဖေ.. အဖေ..သား ဘေးကိုရောက်လာတာလား။ သား သိလိုက်တဲ့အချိန်မှာ သား ရောက်ချင်တဲ့ ရန်ကုန်ကိုတော့ရောက်နေပြီ အဖေ။ အမေကတော့ သားဘေးမှာ မျက်ရည်တွေနဲ့။ သား ဘေးမှာ သားတွေ့ချင်တဲ့ သားသူငယ်ချင်းကျောင်းဆင်းဖက်တချို့ကိုတွေ့တယ်။ ဒါပေမယ့် သံလွင်ရောင် Uniform နဲ့တော့ မဟုတ်ဘူး အဖေ။ ပြာဖျော့ဖျော့ ၀တ်စုံလေးတွေနဲ့။ သူတို့ခြေထောက်အောက်ပိုင်းကို စောင်ဖုံးထားတဲ့နေရာက ကုတင်နဲ့တိုက်ရိုက်ထိနေတာ အဖေ။ သားကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်ရဲတော့ဘူး။ အမေကတော့ သားနဖူးလေးကို ပွတ်ပြီး ဘုရားစာတွေရွတ်နေပြီ။ သား မျက်ရည်တစ်ချက်ကျမိတယ်... အဖေ။ ဒါပေမယ့် သား ဒီလိုခံစားနေရပေမယ့် သား ၀မ်းမနည်းတော့ ပါဘူး။ သား ကိုပေးအပ်တဲ့တာဝန်ကို သား တာဝန်ကျေအောင် သား လုပ်ခဲ့ပါတယ်။ သား ဒီလိုခံစားနေရပေမယ့်... သား က တပ်မတော်သားအရာရှိတစ်ယောက်ပါ...အဖေ။ တပ်မတော်ထဲဝင်ကတည်းက သားအသက်နှင့် ခန္ဓာကို ပေးအပ်ထားပြီးသားပါ။ အဖေ... သားတာဝန်ကျေပါတယ်နော်။ သားကို ပြုံးပြနေမယ်လို့ သားမျှော်လင့်ပါတယ်။

ဆက်ဖတ်ရန်...