Thursday, November 22, 2007

ကိုယ်ချင်းစာပြီး အားပေးပါ..


နေရောင်ခြည်ပူပြင်းမှုသည် ဆောင်းတွင်းဟု ယုံနိုင်ဖွယ်မရှိအောင်ကို ပူပြင်းနေသည်။ လူကုံထံတွေသာ နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်တွင် ကားများကတော့ ဥဒဟိုသွားလာနေကြသော်လည်း အရိပ်ကင်းမဲ့သော ထိုလမ်းမပေါ်တွင် လမ်းလျှောက်သွားလာနေသူ မရှိသလောက်ကို ရှားပါးသည်။ သူမတို့ သူငယ်ချင်းတစ်စုသည်လည်း ထိုဥဒဟိုသွားလာနေကြသော ကားများထဲမှ တစ်စီးအပါအ၀င်တွင် လိုက်ပါလာကြသည်။ သူမ ကားမောင်းနေရင်းမှ လူတစ်စုသည် ပူပြင်းသော နေရောင်ခြည်အောက်တွင် အရိပ်ကင်းမဲ့သော ထိုလမ်းတစ်လျှောက် သွားနေကြသည့် မြင်ကွင်းလေးဝင်လာသည်။ လူတွေလမ်းလျှောက်တာ မဆန်းသော်လည်း ဆန်းနေသည်မှာ ထိုလူစုထဲမှတစ်ယောက်သောသူတွင် သစ်သားချိုင်းထောက်တစ်ခုပင်
ဖြစ်သည်......
ထိုလူစုသည် သံလွင်ရောင်ဝတ်စုံကို ၀တ်ဆင်ထားကြသော်လည်း ထိုချိုင်းထောက်နှင့်သူကတော့ သံလွင်ရောင်အင်္ကျီလက်ရှည်လေးနှင့် ပုဆိုးကိုသာ ၀တ်ဆင်ထားသည်။ သူမ ကားကို ထိုလူစုအကျော်တွင် ထိုးရပ်လိုက်သည်။ သူမသူငယ်ချင်းသည် ကားကိုထိုးရပ်သော် သူမကို "ဟာ..နင်ကတော့ စစ်ဝတ်စုံမြင်တာနဲ့ကို ဘာထဖြစ်ရတာတုံး" သူမသူငယ်ချင်းပြောလိုက်သောစကားကို စိတ်မကောင်းတော့ဖြစ်မိ
သည်..သူမတစ်ခွန်းထဲသာ ပြန်ပြောနိုင်ခဲ့သည်...
"ခဏ..စောင့်ကြည့်လိုက်ပါ..ကားရပ်ရတဲ့အကြောင်း ဘာဆိုတာသိရမှာပါ" ထိုလူတစ်စု သူမကားနားမှ ဖြတ်သောအခါ သူတို့လက်ထဲတွင် စာအုပ်လေးများကို ကိုင်ဆောင်ထားကြသည်။
"ဦးလေးတို့.. စာအုပ်ရောင်းတာလား"
"အေးကွယ့်..သမီးကစိတ်ဝင်စားလို့လား"
"ဟုတ်ကဲ့ သမီး ၀ယ်ချင်လို့ပါ။"
သူမ စာအုပ်တစ်အုပ်ကို ယူ၍ ငွေချေသောအခါ သူမပိုက်ဆံအိတ်ထဲမှ စစ်ဝတ်စုံဖြင့် လူတစ်ယောက်ပုံကို ထိုလူတစ်စုထဲမှ တစ်ယောက်က မြင်သွားပုံရသည်။
"သြ..ညီမက အရာရှိတစ်ယောက်ရဲ့ ညီမလား"
"မဟုတ်ပါဘူး..အစ်ကို။ ညီမအဖေကလည်း မိုင်းနင်းမိထားတဲ့ စစ်သည်တစ်ယောက်ပါ"
သူမလည်း ၀ယ်ခြမ်းပြီးသည်နှင့် ကားလေးကို တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆက်မောင်းခဲ့သည်။ သူမ သူငယ်ချင်းဆီက ပြောလိုက်သံ စကားလေးကတော့
"နင့်ကို တောင်းပန်ပါတယ်... ဦးလေးကြီးတွေက ဘ၀ကို ဒီလိုဖြစ်သွားတာတောင် သူတပါးတွေလို တောင်းစားနေတာ မဟုတ်ပဲ မသန်ပေမယ့် ကိုယ်စွမ်းဆောင်နိုင်တဲ့ အားလေးဖြင့် သမာအာဇီဝနဲ့ မိသားစုကို လုပ်ကျွေးနေတာ ငါတို့တွေ...
ကိုယ်ချင်းစာပြီး အားပေးသင့်တယ်.."

[အဖြစ်အပျက်လေးက ရိုးစင်းသော်လည်း စစ်သားတွေရဲ့ ပြင်းထန်ခိုင်မာသော စိတ်ဓါတ်ကို သူငယ်ချင်းမလေး..သိသွားတာကို ၀မ်းသာမိပါသည်။]

ဆက်ဖတ်ရန်...

Friday, November 16, 2007

ပြန်ဆုံချင်မိသော ပန်းကုံးပိုင်ရှုင် ညီမလေး


ပန်းကုံးလေးကမ်းပေးသော လက်လေးတစ်စုံကို တောင့်တမိသည်။ ကျေးဇူးပါပဲဟု မပြောခဲ့မိသော...လွန်ခဲ့သော အတိတ်နေ့တွေဆီက အကြောင်းအရာက မနေ့တစ်နေ့ကလိုလို.... ကျွန်တော် စစ်တက္ကသိုလ်ကျောင်းဆင်းပြီးလို့တာဝန်ကျရာတပ်ရင်းတစ်ခုကို ရောက်ရှိခဲ့ပါသည်။ ကံကောင်းချင်သော ကျွန်တော်..တော်လှန်ရေးချီတပ်လမ်းလျှောက်ခြင်းမှာ ပါဝင်ရမည်ဆိုသော ကြေးနန်းကြောင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့သည်။ သူမနှင့် ကျွန်တော်ဆုံစည်းရန် ဖြစ်ချင်လာတော့....

ထိုဆိုင်ကလေးမှာ ကျွန်တော် ထမင်းစားရင်းက ဆုံစည်းခွင့်ရခဲ့သည်။ rehersal နေ့တွေမှာတော့ သူမလာလာကြည့်နေသည်ကိုတော့ အမှတ်မထင်တွေ့မိသည်။ ဤသို့ဖြင့်တပ်မတော်နေ့သို့ရောက်လာခဲ့ရာ ကျွန်တော်ချီတပ်လမ်းလျှောက်သော စစ်ကြောင်းကို သူမ လူအုပ်ကြားမှ ကြိုးစားပမ်းစားရှာနေပုံလေးကို ယနေ့ထိပြန်မြင်ယောင်မိသည်။ နောက်ဆုံး ကျွန်တော်တို့စစ်ကြောင်းကျော်ခံနီးလေးတွင် သူမ ကျွန်တော့်ကို ရှာဖွေတွေ့ရှိသွားပါသည်။ သို့သော်လည်း သူမ၏လက်ထဲမှ ပန်းကုံးကလေးသည် ကျွန်တော်ထံရောက်မလာနိုင်တော့ပါ...နောက်မှ စစ်ကြောင်းများက ဆက်တိုက်ပါလာသောကြောင့် သူမလူအုပ်ကြားထဲမှ ထွက်လာချိန်တွင် မမှီလိုက်တော့ပါ.... မျက်ရည်များဖြင့်ပြည့်လျှံနေသော သူမမျက်ဝန်းလေးကို ကျွန်တော့်မျက်စိဒေါက်မှသာ တွေ့လိုက်ရသည်။ စိတ်မကောင်းပါဘူး..ညီမလေးရယ်။ တော်လှန်ရေးနေ့ပြီး၍ တပ်ဆီသို့ပြန်ရမည့်နေ့တွင် ကားများနားသို့ သူမရောက်လာပါသည်။ ကျွန်တော့်ကို လှမ်းပေးလိုက်သော ဘူးလေးတစ်ခု..ထိုအချိန်က ကျွန်တော်သူ့ကို ဘာမှပြန်မပြောခဲ့မိပဲ...စွံအစွာပင် ဘူးလေးကို ယူထားလိုက်မိသည်။ တပ်ပြန်ရာလမ်းတစ်လျှောက် ရထားပေါ်တွင် ဘူးလေးကို ဖွင့်ကြည့်မိသောအခါ... ပန်းကုံးလေးတစ်ခုထွက်လာပါသည်...စာတစ်စောင်ကတော့..အစ်ကို့အတွက်ဟုသာ မင်နက်နက်လေးဖြင့်ရေးထားသည်။ သူမရေးပေးလိုက်သော မင်နက်နက်လေးသည် စက္ကူပေါ်တွင်သာ ထင်ရှားခြင်းမဟုတ်ပဲ..ကျွန်တော့်အတွေးအာရုံတွင်ပါ ထင်ရှားနေသည်ကို ကျွန်တော်နှင့်သူမ ကွဲကွာခဲ့ပြီး (၄)နှစ်လွန်သည်အထိ ရှိနေသေးသည်ကို..သူမသိနိုင်ပါစေ။ အမိမြေကို ပြန်လာချိန်မှာ ကျွန်တော့်ကို ပန်းကုံးလေးဖြင့် ရန်ကုန်လေဆိပ်တွင် သူမရှိနေခဲ့ပါလျှင်..မည်မျှကောင်းမည်နည်းဟု တွေးတောရင်းဖြင့် နံရံပေါ်ရှိ ပြက္ခဒိန်ရက်လေးကို တစ်ရက်ခြစ်လိုက်မိသည်....
[ခံစားချက်တစ်ခုကို အမှတ်မထင်ပြောပြပေးခဲ့သော အစ်ကို ကိုကျေးဇူးတင်ပါတယ်။]

ဆက်ဖတ်ရန်...

Tuesday, November 13, 2007

အောင်ပွဲရစစ်သည်တော် လက်ထဲရှိ ညှိုးနွမ်းသွားသော သပြေခက်


ကျွန်တော်တို့ စစ်သားဘ၀မှာတွယ်တာစရာ မရှိအောင်နေနိုင်ရင်တော့ကောင်းတာပေါ့...
ကိုယ့်အသက်ခန္ဓာကို ပေးဆပ်ထားပြီး တိုက်ပွဲဝင်နေရသော မသေချာမရေရာသော ဘ၀ထဲကို ခင်မင်တွယ်တာရသောသူကို မခေါ်ရက်ပါ။
ဒါပေမယ့် ပုထုဇဉ်လူသားကျွန်တော်လည်းချစ်ခြင်း၊ မုန်းခြင်းကို ခံစားတတ်သောကြောင့် ကျွန်တော့်ရဲ့မသေချာမရေရာသော ဘ၀ထဲကိုချစ်သူကောင်မလေးကို ခေါ်ခဲ့မိပါသည်။
အိမ်ထောင်ကျပြီးကတည်းက ကျွန်တော်ပြောင်းရွှေ့ရသော ဒေသများကို မငြီးမငြူဖြင့် လိုက်လံနေထိုင်ပေးသော ကျွန်တော့်ဇနီးလေး....
ကျွန်တော်စိတ်ဓါတ်ကျနေသော အခါများတွင်လည်း အားပေးနိုင်ခဲ့သူ...
ကျွန်တော့်ရဲ့ခြောက်သွေ့ခဲ့သော နောက်တန်းပြန်ဝင်ရသော ရက်များကို တပ်ဝမှ သပြေပန်းလေးများဖြင့် သားလေးကိုပိုက်ကာ ကြိုဆို၍ ကျွန်တော့်နေ့ရက်များကို
အရောင်ပြောင်းလဲပေးခဲ့သူ..........
တောင်ပြာတန်း စစ်စခန်းဆီသို့ သွားနေရသော ခြေလျှမ်းတို့သည် အိမ်သူသက်ထားလေးဆီသို့ စိတ်ကရောက်ရောက်နေသည်။ မီးဖွားရက်နီးနေသော ဇနီးသည်အနားတွင် နေချင်ပါသော်လည်း တာဝန်ဝတ္တရားအရ ခရီးထွက်ခဲ့ရသည်။ စိတ်ကမဖြောင့် သားလေးမွေးတုန်းကလည်း ကျွန်တော် မရှိခဲ့ပါ။ ဒီတစ်ကြိမ်တွင်လည်း ကံကမကောင်းချင်တော့ လုံခြုံရေးလိုက်ရသည်။ ရက်သတ္တပတ်လေးပတ်ကျော်တွင်တော့ ကျွန်တော်နောက်တန်းပြန်ဆင်းခွင့်ရသော်လည်း ကြေးနန်းရောက်လာသော ရေးပေါ်
ကိစ္စကြောင့် ရန်ကုန်ကို ကျွန်တော်သွားခဲ့ရသည်။ ၀မ်းသာမှုတွေဖြင့် ကျွန်တော်ကံတရားကို ကျေးဇူးတင်နေမိသည်။ သို့သော် ဇနီးသည်နေထိုင်သည့်မြို့သို့သွားရောက်ရန်ပင် အချိန်မရသောကြောင့် ကိုယ့်ကိုယ်ကိုပင် စိတ်မကောင်းဖြစ်မိသည်။ သို့သော်လည်း ဖုန်းအဆက်အသွယ်အမြဲရနေသောကြောင့် တော်သေးသည် ပင်ဆိုရမည်။ ဤသို့ဖြင့်ပင် လူ့လောကထဲသို့ ကျွန်တော့်သမီးလေးရောက်ရှိလာပါသည်။ ကျွန်တော့်ဇနီးသည်လေးက ကျွန်တော့် ဘ၀အတွက် ခင်တွယ်စရာ သားလေးနှင့် သမီးလေးကို ကျန်းကျန်းမာမာလေးဖြင့်မွေးထုတ်ပေးခဲ့တယ်။ သို့သော်လည်း ကံတရားက ကျွန်တော့်ဖက်ရှိမနေတော့ပါ.....တစ်ခုသော မနက်တွင် ကျွန်တော့်ထံဝင်လာသော ဖုန်းသည် ကျွန်တော့်ဘ၀ကို ပြောင်းလဲပစ်စေခဲ့သည်ကို ကျွန်တော်ကြိုသိ
ခဲ့ပါလျှင်... မီးဖွားပေးပြီကတည်းက ကျန်းမာရေးမကောင်းသောကြောင့်ရန်ကုန်ဆေးရုံသို့တင်ရန် မနက်ဖြန်လေယာဉ်ဖြင့် ပါလာမည့်အကြောင်း ညီမဖြစ်သူကဖုန်းဆက်ပြောခဲ့သည်။ ကျွန်တော် တာဝန်တွေကြားကပင် ဇနီးသည်ကို ကြိုရန် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ပါသည်... လေယာဉ်ပျံဆင်းသက်လာပါပြီ....ခန်းမဆောင်ပြင်သို့ထွက်လာသော လူများထဲမှ ကျွန်တော့်ဇနီးသည်လေးသည် ဘီးတပ်ကုလားထိုင်လေးပေါ်တွင် ဖျော့ဖျော့လေးသာပါလာပါတော့သည်။
ကျွန်တော်ယူလာသောကားလေးက ဂျစ်ကား... တက္ကဆီထပ်ငှားရန်လုပ်သော ကျွန်တော့်လက်လေးကို လှမ်းကိုင်လိုက်သော သူမလက်ချောင်းလေးများက အားမရှိလှ...ကျွန်တော်ယူလာသော ဂျစ်ကားလေးကို ပင်ရှေ့ခန်းတွင် ကျွန်တော့်ပခုံးလေးကို မှီကာလိုက်ပါလာသောသူမ..... ဆေးရုံသို့ရောက်ရောက်ချင်းတွင်ပင် အရေးပေါ်အခန်းတွင်းသို့ ရောက်ရှိသွားသော သူမ...။ ကျွန်တော် သတိပြန်ဝင်လာချိန်မှာ ကျွန်တော့်ပုခုံးထက်က သူမကိုယ်တိုင်တပ်ဆင်ပေးလေ့ရှိသော ကြယ်ပွင့်လေးများပေါ်တွင်
သူမ မျက်ရည်တွေ.... နာရီပေါင်းများစွာအကြာတွင် ကြားလိုက်ရသော စကားတစ်ခွန်း...
သူမ ဆုံးပြီတဲ့...
[အမှတ်မထင်မြင်တွေ့ခဲ့ရသော ကြေကွဲဖွယ်တစ်ခုပါ။ အစ်မ ကောင်းရာသုခတိလားပါစေ။]

ဆက်ဖတ်ရန်...

Thursday, November 8, 2007

နောက်တန်းပြန်မည့် ကျွန်တော် (သို့) ကျွန်တော့်နာရီ


လက်ကနာရီလေးကို ကြည့်လိုက်စဉ် စက္ကန့်တံလေးများအတိုင်း အတွေးတို့ အတိတ်ဆီသို့ တစ်စစ.....စစ်မြေပြင်သို့ သွားရောက်ရမည်ဆိုသော် သတင်းကြားကတည်းက အိမ်သူသက်ထားက မျက်ရည်လည်ကာ ရက်တစ်ရက်၏ အချိန်တော်တော်များများသည် ဘုရားကျောင်းဆောင်ရှေ့တွင်သာ အလုပ်ရှုပ်နေလေတော့သည်။ ရှေ့တန်းစစ်စခန်းသို့သွားရောက်ရသောနေ့တွင်လည်း ထွက်သွားသော ယာဉ်တန်းကြီးကို ဖုန်မှုန့်များ ပျောက်ကွယ်သွားသည် အထိရပ်ကြည့်နေအုံးမည့် ချစ်ဇနီးသည်ကို မြင်ယောင်မိသည်။
ရှေ့တန်းစစ်မြေပြင်သို့ရောက်တိုင်း ကျွန်တော့်ရဲဘော်များကို မှာကြားမိသည်ကတော့..
"မင်းတို့ ငါတိုက်ပွဲမှာကျရင် ငါ့အလောင်းကို မြှုပ်ဖို့စဉ်းစားမနေနဲ့တော့။ အောက်ကို ဆွဲချဖို့လည်း စိတ်မကူးနဲ့..သေသွားပြီးသား အသေကောင်ကြောင့် နောက်လူ ဒုက္ခမရောက်စေချင်ဘူး။ ဒါပေမယ့်ကွာ ငါ့နာရီလေးကိုတော့
ငါ့မိန်းမဆီရောက်အောင်ပြန်ပို့ပေးကြ
"
ကျွန်တော့်ရဲဘော်များက ကျင့်သားရနေပြီ ဖြစ်သော ကျွန်တော့်အမှာစကားကို ပြုံးပြုံးလေးနားထောင်ကြစမြဲ ဖြစ်သည်။ ကျွန်တော့်ဇနီးကလည်း အိမ်ကို နာရီပြန်မရောက်လာလျှင် ကျွန်တော်ပြန်လာမည်ဟု မှတ်ယူထားလိုက်တော့သည်။ ဤသို့ဖြင့်သာ နှစ်တွေကုန်ဆုံးရင်း ကျွန်တော့်လက်က နာရီလေးသည်
ကျွန်တော့်လက်ကောက်ဝတ်တွင်သာ ရှိနေခဲ့တော့သည်။ အတွေးနယ်တွင်နစ်နေသော ကျွန်တော့်ကို "ဖိုးဖိုး..သားကို ဒီနာရီလေးပေးပါလား"
မြေးလေးက နာရီကို ကြည့်၍ပြုံးနေသော ကျွန်တော့်ထံသို့ရောက်ရှိလာခြင်းဖြစ်သည်...
သြ..မြေးလေးရယ် ဖိုးဖိုးလက်မှာ ဒီနာရီလေး မရှိတော့ရင်... မြေးလေးရဲ့ ဖွားဖွားက ဒီနာရီကို ဖိုးဖိုးလက်မှာ မဟုတ်ပဲ အခြားသော နေရာမှာ တွေ့ရှိခဲ့လျှင်...........

ဆက်ဖတ်ရန်...

Friday, November 2, 2007

အရာရှိကတော်လောင်းများကို မှာချင်တာက...


အောက်တိုဘာလရဲ့ တစ်ခုသော သောကြာနေ့တွင် ပျော်ရွှင်မှုများဖြင့် မမောနိုင် မပန်းနိုင် မင်္ဂလာကိစ္စများကို ဆောင်ရွက်နေသော ဆံပင်ကုတ်ဝဲလောက်လေးကို ဖါးလားလေးချကာ ကွာတာဘောင်းဘီတိုလေး ၀တ်ဆင်ထားသော ကောင်မလေးတစ်ယောက်....

စနေနေ့၏ မင်္ဂလာရက်မြတ်ချိန်လေးတစ်ခုတွင် မြန်မာ့ကျက်သရေ ထိုင်မသိမ်းလေးကို ၀တ်ဆင်ထားကာ ပြုံးစိစိမျက်နှာလေးဖြင့်ကောင်မလေးနှင့် Service Suit ၀တ်ဆင်ထားသော ကောင်လေးတို့ ယှဉ်တွဲကာ မင်္ဂလာခမ်းမအတွင်းသို့ ၀င်လာကြသည်.......
တနင်္ဂနွေနေ့တွင် မိဘဆွေမျိုးမောင်နှမများကို နှုတ်ဆက်ကာ ခင်ပွန်းတာဝန်ကျရာဒေသသို့လိုက်သွားရန် ပြင်ဆင်နေသော ဆံပင်လေးကို စည်းနှောင်ထားကာ ကွာတားဘောင်းဘီလေး ၀တ်ဆင်ထားသော ကောင်မလေး...
တနင်္လာနေ့တွင်..."ငယ်ရေ.. မပြီးသေးဘူးလား။ ဒီမှာ အစ်မတို့ကတောင်စောင့်နေရပြီ။"
"လာပါပြီ..ကိုကိုရယ်။ ငယ်ဆံပင်ဖြီးနေလို့ပါ။"
"ဟောဗျာ..ဘယ်လိုလုပ်လိုက်တာလည်း..ငယ်။ ဘောင်းဘီတိုနှင့် စပို့ရှပ်နဲ့။ ဒါက ဘယ်လိုဖြစ်တာလည်းကွာ"
"ဟာ..ကိုကို ကလည်း လယ်ထဲလိုက်ကြည့်ရမှာဆို..ဒါ့ကြောင့်လွတ်လွတ်လပ်လပ်ရှိအောင်လို့ပါ။"
"ငယ်......ငယ်က လွန်ခဲ့သော..သောကြာနေ့က ငယ် မဟုတ်တော့ဘူး။ အရာရှိကတော် ဖြစ်သွားပြီ။ ငယ့်..လက်အောက်မှာ ရဲမေတွေရှိတယ်။ အခြားအရာရှိငယ် ကတော်တွေ ရှိတယ်လေကွာ.. ငယ် ဒီလိုဝတ်တော့ ဘယ်လိုလုပ်မလည်း.. ထမီလေးနှင့်ရင်ဖုံး သို့မဟုတ် ရင်စိအင်္ကျီလေး ၀တ်ခဲ့နော်.. မြန်မြန်လဲခဲ့ အစ်မတို့စောင့်နေရတာ အားနာစရာ။"
မျက်နှာလေးပျက်ပျက်ဖြင့် အခန်းထဲသို့ပြန်ဝင်သွားသော ကောင်မလေးတစ်ယောက်တွေးနေတာကတော့.....
"ညီမတို့ အစ်မတို့များ... တပ်မတော်ထဲဝင်ရင်လေ.. သူ့ကိုပြောလိုက်စမ်းပါ... ရင်ဖုံး၊ ရင်စိနှင့် ထမီတွေသာ များများချုပ်ယူလာကြပါလို့" ညီမလေးကတော့ ဒီနေရာကနေ..မှာချင်ပါတယ်။့ 

ဆက်ဖတ်ရန်...