Wednesday, December 26, 2007

သားလေး ကမ်းပေးသောလက်


မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်ချိန်တွင် မြင်နေရသော ကျွန်တော့်အိမ်မြင်ကွင်းလေးသည် ဘာနှင့်မှ မတူအောင်ကို နွေးထွေးလှသည်။ သားလေးစာကျက်နေသံက ပို၍နားဝင်ချိုလှသည်။ ကျွန်တော့်ဇနီးသည်လေးကတော့ ယောက်ခမဖြစ်သူနေမကောင်းသောကြောင့် ဆေးရုံလိုက်သွားရန် ပြင်ဆင်နေသည်။ ခဏကြာတွင် ဇနီးသည်လေးက သားနှင့် ကျွန်တော်ကို နုတ်ဆက်ကာ ထွက်သွားသည်။ သားလေးမျက်နှာက မရွှင်မပျဖြင့်သာ ကျန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သားသည် အမြဲတစေကျောင်းသို့ ကျွန်တော့်ဇနီးသည်က လိုက်ပို့မြဲဖြစ်သည်။ ယနေ့တွင်တော့.... သားကို လိုက်ပို့ရန် ကျွန်တော် အားတင်းလိုက်ရင်း ကတင်ဘေးတွင်ထောင်ထားသော ချိုင်းထောက်နှစ်ဖက်ကို လျှမ်းယူလိုက်သည်။

"သား...ဖေဖေ ဒီနေ့ သားကိုကျောင်းလိုက်ပို့မယ်နော်။ သားမကြောက်နဲ့။ သွား..အ၀တ်အစားသွားလဲချီ" သားလေးသည် ကျွန်တော်ကို အားကိုးသော မျက်လုံးများဖြင့် ကြည့်ကာ အကျီ င်္လဲရန် ကျွန်တော့်နားမှ ထွက်သွားသည်။ ကျွန်တော်လည်း မျက်နှာသစ်ပြီး ပြင်ဆင်ပြီးသည်နှင့် သားလေး သူငယ်တန်းကျောင်းသားကြီးကို ကျောင်းပို့ရန်ထွက်ခဲ့ပါသည်။
သားလေးက ကျွန်တော့်နားမှ ကပ်လျှောက်ကာပါလာပါသည်။ သားလေးကတော့ လက်ကလေးလွှဲကာ သီချင်းတကြော်ကြော်ဖြင့် လမ်းတလျှောက်ဆိုလာပါသည်။ ကားလမ်းကူးရန်နေရာတစ်ခုအရောက်တွင် သားလေးမျက်နှာကို ကျွန်တော်ငုံ့ကြည့်လိုက်စဉ် သားလေးပြောလိုက်တာကတော့..... "ဖေဖေ..သားသား လက်ကိုမကိုင်လည်းရပါတယ် သား ဖေ့ဖေ့ပုဆိုးလေးကို သားဆွဲပြီးလိုက်ခဲ့ပါမယ်" တဲ့ဗျာ။ ကျွန်တော်တိုက်ပွဲတွင် မိုင်းဒဏ်ရာရခဲ့သောကြောင့် ကျွန်တော့်ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသောကြောင့် ကျွန်တော်စိတ်ဓါတ်အနည်းငယ်တော့ ကျခဲ့ပါသည်။ ဆေးရုံမှ အိမ်သို့ပြောင်းရွှေ့နေထိုင်နေသော ကာလတွင်လည်း ပတ်ဝန်းကျင်ဖြင့် ကျင့်သားမရသေးပါ။ ခြေတုကိုလည်း မှာထားသော ကာလဖြစ်သောကြောင့်လည်း အပြင်လောကနှင့် အဆက်အသွယ်မရှိခဲ့ပါ။ သားလေးကို ကျောင်းစပို့ပေးသော နေ့လေးသည် ကျွန်တော်လောကကြီးကို ဤပုံစံဖြင့်ပါရင်ဆိုင်ရဲသော သတ္တိများပိုင်ဆိုင်လာပါသည်။ ဤသို့ဖြင့် ကျွန်တော် ချိုင်းထောက်တစ်ချောင်းကိုသာ အားပြုသွားလာခြင်းကို ကျင့်ကာ သားလေးလက်ကို ဆွဲ၍လမ်းကူးနိုင်ကာ ယခုဆိုလျှင်သားလေးကို ကျောင်းသို့ပို့နိုင်နေပြီ... သားလေး ကမ်းပေးလိုက်သော လက်သည် ကျွန်တော့်ဘ၀ကို ပြန်လည်ရှင်သန်စေသော အားလေးတစ်ခုပါ......
[အမှတ်မထင် အဖြစ်အပျက်လေးတစ်ခုမှ...]

ဆက်ဖတ်ရန်...

Monday, December 17, 2007

ဒီလောက်နဲ့ကျေနပ်နေရသူ


မေတ္တာပို့သသံလေးများက လေလှိုင်းတွင် လွင့်ပျံ့လာသည်။ ကြားရသူ လူအပေါင်းကို အေးမျှစေပါသည်။ ဒီရွတ်ဆိုသော အသံများသည် တပ်တွင်း ဓမ္မာရုံမှဖြစ်သည်။ မနေ့က ကျွန်တော်တို့တပ် ရှေ့တန်းထွက်သွားသောကြောင့် အန္တာရာယ်ကင်းမေတ္တာပို့ဖြစ်သည်။ ရွတ်ဆိုသော သူတိုင်းရင်မှာလည်း ပူပင်မှု၊ စိုးရိမ်မှုလေးများရှိနေမှာ မလွဲပေ။ ကျွန်တော်တို့တပ်ဝင်ရတဲ့ခွင်က သတင်းမွှေးသော ကျောက်ကြီး... တပတ်ကျော်ကျော်အကြာတွင် ကျွန်တော်တို့တပ် ခွင်ထဲရောက်ပြီဆိုတာ ကြေးနန်းဝင်လာသည်။ မနက်တိုင်းကြားရသော ရွတ်ဆိုမှုများသည် ညပိုင်းတွင်ပါ ကြားရလာသည်။ သို့သော်လည်း တစ်နေ့သောရက်တွင်တော့....
တစ်ယောက်တိုက်ပွဲကျသည်ဆိုသော သတင်းက ရောက်လာပါပြီ။ သတင်းကြားရုံဖြင့် မေ့လဲသွားသော အရာရှိကတော်ပေါက်စတစ်ယောက်ကို တပ်တွင်းဆေးခန်းကို ပို့ပေးလိုက်ရသေးသည်။ သူက လွန်ခဲ့သော နှစ်ပတ်ကမှ မင်္ဂလာဆောင်ထားတာကိုး။ သတင်းအတိအကျရချိန်မှာတော့ တပ်ရင်းမှူးကတော်ကို သတင်းပို့ရသည်။ တပ်ရင်းမှူးကတော်ကြီးကလည်း ရင်တဖိဖိ။ ကျန်အရာရှိကတော်များကလည်း မိမိတို့ခင်ပွန်းမဟုတ်သော်လည်း ၀မ်းသာလို့ရသည်မဟုတ်။ မိမိယောကျာ်းနောက်တန်းပြန်ပါလာမှသာ ရင်တွင်းအပူလုံးကို ချနိုင်မည်သာ။ တပ်ရင်းမှူးကတော်ကြီး ကိုယ့်အိမ်ရှေ့ နံမည်လာအခေါ်ကို အချိန်မရွေးဖြစ်လာနိုင်သည်။ ကျွန်တော်လည်း ထိုထိုသော အရာရှိကတော်များကို ကြည့်ပြီး ကျွန်တော့်ကောင်မလေးကို ထိုသို့ဖြစ်လာလျှင် မည်သို့ဖြစ်မည်နည်းဟု ဖုန်းလှန်းဆက်မေးမိပါသည်.. သူမပြန်ဖြေလိုက်တာကတော့ "စစ်ထဲတောင်ဝင်ချင်တာ ၀င်လို့မရလို့ အရာရှိကတော်ဘ၀နဲ့ ကျေနပ်ရတာ"တဲ့ဗျာ။

ဆက်ဖတ်ရန်...

ရေဒီယိုနှင့် မီးအိမ်လေးပိုင်ရှင် ကျွန်တော်


တစ်ခါတုန်းက မိတ်ဆွေတချို့က "မင်း ကတော့ ကံကောင်းတယ်ကွာ ကျည်ဝေးရာ တိုင်းတပ်မှာ ပန်ကာလေးနဲ့ ကောင်းလိုက်တာတဲ့ "စစ်သားတွေဆိုရင် လူတွေက စုတ်စုတ်ပြတ်ပြတ်.. ချို့ချို့တဲ့တဲ့ပဲ မြင်ချင်တယ်ထင်တယ်။ ကောင်းကောင်းလေးနေရရင် ပြောချင်လာတယ်။ ကျွန်တော်ပိုင်ဆိုင်တာကတော့ အမေပေးတဲ့ မီးအိမ်အိုလေးနှင့် ရေဒီယိုတစ်လုံးပါ။ အခု ကျွန်တော် စခန်းစစ်ထွက်လာတာ တစ်ပတ်ကျော်ပြီ.. စခန်းအားလုံးလည်း ပြီးသလောက်ရှိပါပြီ။ ပြန်ရတော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပေါ့။ စခန်းစစ်ဆိုပေမယ့် ကျော့ကျော့လေး စစ်ရတာတော့ မဟုတ်ပါ။ စစ်ဆင်ရေးထွက်သကဲ့သို့ အစစအရာရာ တစ်စခန်းပြောင်း တစ်စခန်းသတိထားရပါသည်။ ကျွန်တော်နောက်ဆုံးသွားရမယ့် နေရာကတော့ ကဗျာစာချိုးလေးနဲ့ နေရာပါပဲ... ၁၉ ဖာပွန် တမလွန် ဆိုသော..နေရာလေးပေါ့
အသွားမှာပေါ့ ကလေးတွေပြောသလို နိုး ပလုံ ပလုံပေါ့။ အပြန်မှာပေါ့ အဲဒီမှာ စတွေ့တာပဲ ဆိုတဲ့အတိုင်းပါပဲ ပစ်ခတ်မှုနဲ့ဆုံပါသည်။ ကံကောင်းချင်တော့ အမေ့သားလေး.. အမေပို့သသော မေတ္တာကြောင့် ဘေးမသီရန်မခ အေးဆေးစွာ ပြန်ရောက်လာခဲ့ပါသည်။ တပ်ရောက်သည်နှင့်လည်း မိန်းမယူရန် ဆုံးဖြတ်လိုက်သည်။ အခြားတော့ မဟုတ်ပါ.. ကျွန်တော့ ညီမလေးပြောသော ငှက်ပျောတုံးဖက်ရမှာကို စိုးပါသည်။ ဒါပေမယ့်လည်း ညီမလေးရယ်... အစ်ကိုတို့က စစ်သားတွေပါ။ အစ်ကိုတို့ဘ၀ကို နားလည်ပေးမယ့် အိမ်သူသက်ထားကို ရဖို့ဆိုတာ မဟူရာညမှာ အပ်ပျောက်ရှာရတာပါ။ ဖူးစာဆိုတာ ဦးရာလူ ဆိုတော့ အစ်ကိုတို့စစ်သားတွေက တာဝန်တွေဆိုတာ နေ့ရောညပါလေ.. ဘယ်နားမှာ ဦးချိန်ရမှာတုန်းကွာ။ မိန်းမယူထားသော သူငယ်ချင်းများရဲ့ အိမ်သူသက်ထားများကိုလည်း လေးစားမိတယ်။ သူငယ်ချင်းတွေ ဘ၀ကိုလည်း အားကျရင်း ဘာရယ်မဟုတ် ကျွန်တော့်ဖူးစာရှင်လေးကို ရေဒီယိုလေးကို နားထောင်ရင်း အမေပေးတဲ့ မီးအိမ်အိုလေးဖြင့် မီးခွက်ထွန်းရှာနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
[ရတခမှ အစ်ကိုတစ်ယောက်အကြောင်း တစေ့တစောင်း]

ဆက်ဖတ်ရန်...

Thursday, December 13, 2007

တိုက်ဆိုင်မှုဟု မဆိုချင်ပါ..အစ်ကို


မနေ့တစ်နေ့က အစ်ကိုတစ်ယောက်ရဲ့ blogကို ၀င်ဖတ်ကြည့်ရင်းက စစ်မြေပြင်တွင် ဆောင်ရန်၊ ရှောင်ရန်စကားလေးတွေ အကြောင်းကို ဖတ်မိရင်း သူငယ်ချင်းတစ်ယောက်နှင့် ဆွေးနွေးနေလိုက်သေးတယ်။ ပြောလို့မှမဆုံး စားပွဲပေါ်ကဖုန်းက ခပ်စွာစွာအသံဖြင့် ထမြည်လိုက်သောကြောင့် အလျင်အမြန်ကောက်ကိုင်လိုက်မိသည်။ တစ်ဖက်ကပြောဆိုသူ စကားဆုံးသည်နှင့် ကျွန်တော့်နှလုံးသွေးရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျွန်တော့်အစ်ကိုအရင်းလိုချစ်ခင်ရပါသော အစ်ကို စိုးလွင်ဦး.... ဆွဲမိုင်းထိသောကြောင့် နေရာတွင်ပင် ပွဲချင်းပြီးဆုံးသည်တဲ့ မည်သို့မျှဖြေမဆည်နိုင်ပါ။ အစ်ကို့ရဲပြုံးနေသော ဟန်ပန်လေးတွေ၊ ခပ်အေးအေးသာ ပျော်ပျော်နေတတ်သော အစ်ကို။ အစ်ကိုက အသားမည်းသော်လည်း ချစ်လိုက်ရင်တော့ ဆန့်ကျင်ဖက်အသားအရောင်။ အစ်မကိုတော့ အပြင်တွင်တစ်ခါသာ မြင်ဘူးလိုက်သည်။ အစ်ကို ရှေ့တန်းပါတော့ အစ်မဆီကို ဖုန်းဆက်ပြီး ပြန်လာရင် လက်ထပ်ချင်ပါကြောင်းပြောနေရင်း အစ်မနဲ့ စကားများကြတော့ အစ်ကို စိတ်မကောင်းသော မျက်နှာလေးဖြင့် ရှေ့တန်းကို ပါသွားတာ မျက်စိထဲက မထွက်ဘူး။ အခု ဒီလိုသတင်းကြားရတော့ အစ်မဆီကိုလည်း ဒီသတင်းရောက်သွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့စစ်သားတွေ ဘ၀က ဆန်းတော့ ဆန်းတယ်။ ကံရှိသလောက်လို့ ပြောပေမယ့် တိုက်ဆိုင်မှုတွေကတော့ ရှိနေတတ်သောကြောင့် ရှောင်သင့်သောစကားကို ရှောင်ရသည်။ ရှေ့တန်းမသွားခင် လက်ထပ်ခွင့်မတင်ရခြင်း၊ လက်ထပ်ခွင့်မတောင်းရခြင်း..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော့် အစ်ကိုကြီးကတော့ ထိုတိုက်ဆိုင်မှုခေါင်းစဉ်အောက်တွင် ပါသွားကာ အသက်ပေးဆပ်သွားပါပြီ။ တိုင်းပြည်အတွက် အသက်ပေးဆပ်သွားသော အရာရှိ၊ အရာခံစစ်သည်များနှင့် ဗိုလ်ကြီးစိုးလွင်ဦး ကောင်းရာ သုဂတိလားပါစေ။[အစ်မလည်း အစ်ကို့ကို စိတ်ဆိုးနေတာတွေ ခွင့်လွှတ်ပေးပါလို့ ကျွန်တော်ကြားက တောင်းပန်ပါတယ်]Type the rest of your post here.

ဆက်ဖတ်ရန်...

Saturday, December 1, 2007

ပန်းဖြူလိုနားထောင်ပေးပါနော်...မေမေ


ရှေ့တန်းမှ ပေးပို့သော သတင်းကြားကြားခြင်း ခန္ဓာကိုယ်သည် ကျက်သေသေသကဲ့သို့ လှုပ်ရှားမှု ခေတ္တမျှရပ်ဆိုင်းသွားသည်။
"ဆရာကြီး...... ကျသွားပြီ။ မင်းထိသလိုမျိုးပဲ...ဆွဲမိုင်းပဲကွာ။" ဗိုလ်မှူးပြောလိုက်သော စကားကြောင့်ပင် ကိုယ့်ခြေထောက်လေးကို ကိုယ်ပြန်ကြည့်မိလိုက်သည်။ လွန်ခဲ့သော နှစ်ကဖြစ်ခဲ့သော အဖြစ်အပျက်က ခံစားချက်လေးကို ပြန်စဉ်းစားမိလိုက်သောကြောင့် ကျောရိုးလေးပင်အေးကနဲဖြစ်သွားသည်။...
ဆရာကြီးကျဆုံးသည့်သတင်းကို တပ်ရင်းမှူးကတော်ကို သတင်းပို့ပြီး၊ အစ်မနှင့် အတူ လိုင်းခန်းဖက်သို့ထွက်လာခဲ့သည်။
"ဗိုလ်ကြီး...အစ်မလည်းပြောမထွက်ဘူး။ ရုပ်ရှင်ထဲမှာသာ ဒီလိုပြကွက်ကို စိတ်မကောင်းဘူးလို့ ခံစားမိရုံပေမယ့် ကိုယ်တိုင် ကြုံရတော့ ပြောမထွက်တော့ဘူး"
အစ်မလည်း အသံတုန်တုန်ကို ထိန်း၍ ဆရာကြီးကတော်နာမည်ကို ခေါ်လိုက်သည်။ နာမည်ခေါ်လိုက်လျှင် ခေါ်လိုက်ခြင်း အိမ်ပေါက်ဝသို့ပြေးထွက်လာသော ဆရာကြီးကတော်... တပ်ရင်းမှူးကတော်လည်း စကားတစ်လုံးမှ မပြောနိုင်အောင်ပင် တိတ်ဆိတ်သွားသည်။ ကျွန်တော်လည်း ယိုင်လဲသွားသော ဆရာကြီးကတော်ကို လှမ်းဆွဲလိုက်ရင်း....သူမရင်ခွင်ထဲတွင်ပိုက်ထားသော နှစ်နှစ်အရွယ်ကလေး လေးကို လျှမ်းချီလိုက်မိသည်။ အဖေတူသားဇာတ်ကားကြည့်စဉ်တုန်းကတော့ ပန်းဖြူက တည်ငြိမ်စွာနားထောင်နိုင်ပေမယ့် ပြင်ပလက်တွေ့တွင်တော့ ထင်သလောက် မအေးဆေးပါ။ အသင့်လိုက်ပါလာသော ဆေးမှူးက နှာနတ်ပေးရင်း တပ်ရင်းမှူးကတော်ပြောသော စကားများကို ရှိုက်ကြီးတငင်ငိုရင်းနားထောင်နေသော ဆရာကြီးကတော်...မိခင်ရင်ခွင်သို့ပြန်သွားချင်၍ ရှိုက်ကြီးတငင်ငိုနေသော ကလေးငယ်...ကျွန်တော်ဘေးမှ ကြည့်နေရင်းနှင့်ပင် မေမေ့ကို သတိရလိုက်မိသည်။ ကျွန်တော်မိုင်းထိခဲ့တုန်းက ထိုသတင်းကို မေမေ မည်ကဲ့သို့ မည်ပုံ နားထောင်ခဲ့ပါသနည်း။ ကျွန်တော်ခြေထောက်ပြန်ကောင်းလာသောကြောင့် တပ်မတော်တွင် ဆက်လက်အမှုထမ်းမည်ဆိုတုန်းက မေမေပြောခဲ့သောစကား
"သား....စစ်သားတွေဘ၀က ပြည်သူတွေ အသက်အိုးအိမ်တည်မြဲရေးအတွက် မိမိတို့အသက်ကိုပေးဆပ်၊ မိမိတို့ကိုအားကိုးအားထားနေသော်မိသားစု၊ ချစ်သူခင်သူတွေကို ခွဲခွာပြီး ကာကွယ်နေကြရမှာပါပဲ။ သားရဲ့ဆန္ဒသဘောအတိုင်းသာ ဆုံးဖြတ်ပြီး ဆေးဆင့်ချ မချ စဉ်းစားပေါ့ "ဟုမေမေပြောခဲ့သော စကားလေးများကို ပြန်ကြားယောင်မိလိုက်သည်။
မေမေ ရေ...သား အတွက် ဒီလို သတင်းမျိုး မေမေကြားခဲ့ရမယ်ဆိုရင်းလည်း ပန်းဖြူလို နားထောင်ပေးပါနော်ဟု မေမေ့ကို တိုင်တည်မိရင်း......
(၂၈-၁၁-၀၇။ ကျောက်ကြီးစစ်ဆင်ရေးတွင် ကျဆုံးသွားသော ဆရာကြီးတစ်ဦး၏ အကြောင်းကို ရေးသားမိပါသည်။ ဆရာကြီး ကောင်းရာသုဂတိလားပါစေ။)

ဆက်ဖတ်ရန်...