Monday, December 17, 2007

ဒီလောက်နဲ့ကျေနပ်နေရသူ


မေတ္တာပို့သသံလေးများက လေလှိုင်းတွင် လွင့်ပျံ့လာသည်။ ကြားရသူ လူအပေါင်းကို အေးမျှစေပါသည်။ ဒီရွတ်ဆိုသော အသံများသည် တပ်တွင်း ဓမ္မာရုံမှဖြစ်သည်။ မနေ့က ကျွန်တော်တို့တပ် ရှေ့တန်းထွက်သွားသောကြောင့် အန္တာရာယ်ကင်းမေတ္တာပို့ဖြစ်သည်။ ရွတ်ဆိုသော သူတိုင်းရင်မှာလည်း ပူပင်မှု၊ စိုးရိမ်မှုလေးများရှိနေမှာ မလွဲပေ။ ကျွန်တော်တို့တပ်ဝင်ရတဲ့ခွင်က သတင်းမွှေးသော ကျောက်ကြီး... တပတ်ကျော်ကျော်အကြာတွင် ကျွန်တော်တို့တပ် ခွင်ထဲရောက်ပြီဆိုတာ ကြေးနန်းဝင်လာသည်။ မနက်တိုင်းကြားရသော ရွတ်ဆိုမှုများသည် ညပိုင်းတွင်ပါ ကြားရလာသည်။ သို့သော်လည်း တစ်နေ့သောရက်တွင်တော့....
တစ်ယောက်တိုက်ပွဲကျသည်ဆိုသော သတင်းက ရောက်လာပါပြီ။ သတင်းကြားရုံဖြင့် မေ့လဲသွားသော အရာရှိကတော်ပေါက်စတစ်ယောက်ကို တပ်တွင်းဆေးခန်းကို ပို့ပေးလိုက်ရသေးသည်။ သူက လွန်ခဲ့သော နှစ်ပတ်ကမှ မင်္ဂလာဆောင်ထားတာကိုး။ သတင်းအတိအကျရချိန်မှာတော့ တပ်ရင်းမှူးကတော်ကို သတင်းပို့ရသည်။ တပ်ရင်းမှူးကတော်ကြီးကလည်း ရင်တဖိဖိ။ ကျန်အရာရှိကတော်များကလည်း မိမိတို့ခင်ပွန်းမဟုတ်သော်လည်း ၀မ်းသာလို့ရသည်မဟုတ်။ မိမိယောကျာ်းနောက်တန်းပြန်ပါလာမှသာ ရင်တွင်းအပူလုံးကို ချနိုင်မည်သာ။ တပ်ရင်းမှူးကတော်ကြီး ကိုယ့်အိမ်ရှေ့ နံမည်လာအခေါ်ကို အချိန်မရွေးဖြစ်လာနိုင်သည်။ ကျွန်တော်လည်း ထိုထိုသော အရာရှိကတော်များကို ကြည့်ပြီး ကျွန်တော့်ကောင်မလေးကို ထိုသို့ဖြစ်လာလျှင် မည်သို့ဖြစ်မည်နည်းဟု ဖုန်းလှန်းဆက်မေးမိပါသည်.. သူမပြန်ဖြေလိုက်တာကတော့ "စစ်ထဲတောင်ဝင်ချင်တာ ၀င်လို့မရလို့ အရာရှိကတော်ဘ၀နဲ့ ကျေနပ်ရတာ"တဲ့ဗျာ။

No comments: