ရှေ့တန်းမှ ပေးပို့သော သတင်းကြားကြားခြင်း ခန္ဓာကိုယ်သည် ကျက်သေသေသကဲ့သို့ လှုပ်ရှားမှု ခေတ္တမျှရပ်ဆိုင်းသွားသည်။
"ဆရာကြီး...... ကျသွားပြီ။ မင်းထိသလိုမျိုးပဲ...ဆွဲမိုင်းပဲကွာ။" ဗိုလ်မှူးပြောလိုက်သော စကားကြောင့်ပင် ကိုယ့်ခြေထောက်လေးကို ကိုယ်ပြန်ကြည့်မိလိုက်သည်။ လွန်ခဲ့သော နှစ်ကဖြစ်ခဲ့သော အဖြစ်အပျက်က ခံစားချက်လေးကို ပြန်စဉ်းစားမိလိုက်သောကြောင့် ကျောရိုးလေးပင်အေးကနဲဖြစ်သွားသည်။...
ဆရာကြီးကျဆုံးသည့်သတင်းကို တပ်ရင်းမှူးကတော်ကို သတင်းပို့ပြီး၊ အစ်မနှင့် အတူ လိုင်းခန်းဖက်သို့ထွက်လာခဲ့သည်။
"ဗိုလ်ကြီး...အစ်မလည်းပြောမထွက်ဘူး။ ရုပ်ရှင်ထဲမှာသာ ဒီလိုပြကွက်ကို စိတ်မကောင်းဘူးလို့ ခံစားမိရုံပေမယ့် ကိုယ်တိုင် ကြုံရတော့ ပြောမထွက်တော့ဘူး"အစ်မလည်း အသံတုန်တုန်ကို ထိန်း၍ ဆရာကြီးကတော်နာမည်ကို ခေါ်လိုက်သည်။ နာမည်ခေါ်လိုက်လျှင် ခေါ်လိုက်ခြင်း အိမ်ပေါက်ဝသို့ပြေးထွက်လာသော ဆရာကြီးကတော်... တပ်ရင်းမှူးကတော်လည်း စကားတစ်လုံးမှ မပြောနိုင်အောင်ပင် တိတ်ဆိတ်သွားသည်။ ကျွန်တော်လည်း ယိုင်လဲသွားသော ဆရာကြီးကတော်ကို လှမ်းဆွဲလိုက်ရင်း....သူမရင်ခွင်ထဲတွင်ပိုက်ထားသော နှစ်နှစ်အရွယ်ကလေး လေးကို လျှမ်းချီလိုက်မိသည်။ အဖေတူသားဇာတ်ကားကြည့်စဉ်တုန်းကတော့ ပန်းဖြူက တည်ငြိမ်စွာနားထောင်နိုင်ပေမယ့် ပြင်ပလက်တွေ့တွင်တော့ ထင်သလောက် မအေးဆေးပါ။ အသင့်လိုက်ပါလာသော ဆေးမှူးက နှာနတ်ပေးရင်း တပ်ရင်းမှူးကတော်ပြောသော စကားများကို ရှိုက်ကြီးတငင်ငိုရင်းနားထောင်နေသော ဆရာကြီးကတော်...မိခင်ရင်ခွင်သို့ပြန်သွားချင်၍ ရှိုက်ကြီးတငင်ငိုနေသော ကလေးငယ်...ကျွန်တော်ဘေးမှ ကြည့်နေရင်းနှင့်ပင် မေမေ့ကို သတိရလိုက်မိသည်။ ကျွန်တော်မိုင်းထိခဲ့တုန်းက ထိုသတင်းကို မေမေ မည်ကဲ့သို့ မည်ပုံ နားထောင်ခဲ့ပါသနည်း။ ကျွန်တော်ခြေထောက်ပြန်ကောင်းလာသောကြောင့် တပ်မတော်တွင် ဆက်လက်အမှုထမ်းမည်ဆိုတုန်းက မေမေပြောခဲ့သောစကား
"သား....စစ်သားတွေဘ၀က ပြည်သူတွေ အသက်အိုးအိမ်တည်မြဲရေးအတွက် မိမိတို့အသက်ကိုပေးဆပ်၊ မိမိတို့ကိုအားကိုးအားထားနေသော်မိသားစု၊ ချစ်သူခင်သူတွေကို ခွဲခွာပြီး ကာကွယ်နေကြရမှာပါပဲ။ သားရဲ့ဆန္ဒသဘောအတိုင်းသာ ဆုံးဖြတ်ပြီး ဆေးဆင့်ချ မချ စဉ်းစားပေါ့ "ဟုမေမေပြောခဲ့သော စကားလေးများကို ပြန်ကြားယောင်မိလိုက်သည်။
မေမေ ရေ...သား အတွက် ဒီလို သတင်းမျိုး မေမေကြားခဲ့ရမယ်ဆိုရင်းလည်း ပန်းဖြူလို နားထောင်ပေးပါနော်ဟု မေမေ့ကို တိုင်တည်မိရင်း......
(၂၈-၁၁-၀၇။ ကျောက်ကြီးစစ်ဆင်ရေးတွင် ကျဆုံးသွားသော ဆရာကြီးတစ်ဦး၏ အကြောင်းကို ရေးသားမိပါသည်။ ဆရာကြီး ကောင်းရာသုဂတိလားပါစေ။)

No comments:
Post a Comment